တူရိယာပစ္စည်းတွေဟာ ကျွန်တော်တို့တွေ စကားမပြောတတ်ခင် ကလေးဘဝကတည်းက ထိတွေ့လာခဲ့ရတဲ့ အနုပညာပစ္စည်းတစ်ခုပါ။ ဂီတဟာ လူရဲ့စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေတဲ့အပြင် စိတ်ရဲ့ ကျန်းမာမှုကိုပါ အများကြီး လွှမ်းမိုးအထောက်အကူပြုတယ်ဆိုတာ လူတိုင်း လက်ခံလာကြပါပြီ။ ဒါကြောင့်ပဲ တချို့တွေဟာ ဝါသနာအနေနဲ့ တူရိယာတီးမှုတ်နည်း သင်ထားကြပါတယ်။ တကယ်လို့ သင်က အခုမှ ဂီတတူရိယာပစ္စည်းတစ်ခုအကြောင်း စပြီး လေ့လာမယ် ၊ ဝယ်မယ်ဆိုရင် ဒီအချက်လေးတွေ သိထားဖို့တော့ လိုပါတယ်။

(၁) ဘယ်လိုဂီတမျိုး သဘောကျလဲ

Guitars

Photo: Unsplash

အရင်ဆုံး ကိုယ်နှစ်သက်တဲ့ ဂီတက ဘယ်လိုအမျိုးအစားလဲဆိုတာ သိဖို့လိုပါတယ်။ ဒီအချက်ကို သိမှ ဘယ်တူရိယာမျိုးကို ရွေးသင့်သလဲဆိုတာ တွေးရလွယ်သွားလို့ပါ။”ကျွန်တော်က တီးခတ်ရတာ သဘောကျတယ်”ဆိုတယ်ဆိုရင် ကြိုးတပ်တဲ့ ဂစ်တာမျိုး တီးတာလား ၊ ဒရမ်လိုမျိုးလား ပြန်စဉ်းစားပါ။ နီးနီးစပ်စပ် စဉ်းစားနိုင်တဲ့အခါ ဘယ်ဂီတကို ကိုယ်သဘောကျတာလဲ သိသွားမှာပါ။ ဒါက အခုမှ ဝါသနာအနေနဲ့ လေ့လာဖို့ စဉ်းစားနေသူတွေအတွက်ဖြစ်ပါတယ်။ နဂိုကတည်းက Passion ရှိပြီး ရူးသွပ်နေတဲ့ လူငယ်အတွက်တော့ ဒီမေးခွန်းက မေးစရာမလိုတဲ့ မေးခွန်းဖြစ်ပါတယ်။

(၂) ကိုယ့်စရိုက်နဲ့ ကိုက်တယ်ထင်တဲ့ တူရိယာမျိုး ရှိလား

Piano

Photo: Unsplash

တကယ်လို့ သင်က ကြိုးတပ်တူရိယာတွေ တီးရတာကြိုက်တယ်။ အဖွဲ့လိုက်တီးရတာ ပိုသဘောကျတယ်ဆိုရင် မယ်ဒလင် ၊ ဆယ်လို နဲ့ တယောလိုမျိုး တူရိယာပစ္စည်းတွေ စဉ်းစားသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်က Social သိပ်မကျရင် စန္ဒယားတီးပြီး တစ်ယောက်တည်း ဂီတထဲ ဖန်တီးလွင့်မျောတာမျိုးကိုလည်း အကြံပေးချင်ပါတယ်။ တစ်ယောက်တည်း အပျော်တီးရုံလောက်ဆို အိမ်မှာတင် ဂစ်တာလေးတစ်လက်နဲ့ သာယာနိုင်ပါတယ်။

(၃) ပိုက်ဆံဘယ်လောက်သုံးမလဲ

Guitars keyboards

Photo: Unsplash

သင့်မှာ ပိုက်ဆံသောင်းဂဏန်းလောက်ပဲရှိရင် Piano သွားမက်လို့ မရပါဘူး။ ဂစ်တာလောက်ပဲ ရမှာပါ။ တူရိယာပစ္စည်းတွေဆိုတာ အမျိုးအစားတူရင်တောင် ဈေးချင်းတူတာမျိုးမဟုတ်ပါဘူး။ ဥပမာ- ဂစ်တာတောင် Bass ရှိတယ် ၊ Electric ရှိတယ် ၊ Electro-Acoustic တို့ Classical တို့ဆိုပြီး အမျိုးမျိုး ကွဲကြပါတယ်။ ပြည်တွင်းဖြစ် ရှိသလို နိုင်ငံခြားက လာတာတွေလည်း ရှိပါတယ်။ ပိုက်ဆံနဲ့ ချိန်ပြီး ဝယ်ရမယ့်ပစ္စည်းကို အရင်စဉ်းစားဖို့ လိုပါတယ်။

(၄) ဆရာရှာရ လွယ်သလား

Playing

Photo: Unsplash

ကိုယ်သင်ချင်တဲ့ အတီးအမှုတ်ကို သင်ပေးမယ့်ဆရာက ကိုယ့်နယ်တစ်ဝိုက်မှာ ရှိသလား။ သွားလို့ လာလို့ သင်တန်းတက်ဖို့ လွယ်ရဲ့လား။ စတဲ့မေးခွန်းတွေလည်း ဖြေဖို့လိုပါတယ်။ ဥပမာ- သင်က အကော်ဒီယံသင်ချင်တယ်ဆိုရင် ကိုယ်မြို့မှာ အကော်ဒီယံတီးခတ်နည်းသင်တန်းတို့ ဆရာတို့ ရှိရဲ့လား အရင်စုံစမ်းဖို့ လိုပါတယ်။ သင်ဝယ်ထားတဲ့ တူရိယာက လူအများစု တီးလေ့တီးထ မရှိတဲ့တူရိယာမျိုး ဖြစ်နေမယ်ဆိုရင် တကယ့်ကို ဆရာကောင်းတစ်ယောက်ရှာဖို့တော့ လိုပြီ ဖြစ်ပါတယ်။

(၅) အချိန်ပေးနိုင်လား

Training

Photo: Unsplash

အနုပညာသင်တန်းတစ်ခု တက်တာပဲဖြစ်ဖြစ် ၊ အနုပညာပစ္စည်းတစ်ခု ဖန်တီးတာပဲ ဖြစ်ဖြစ် အချိန်အများကြီး ပေးရပါတယ်။ ကိုယ်သင်နေတဲ့ တူရိယာတီးခတ်နည်းမှာ တကယ်တတ်ကျွမ်းဖို့ဆိုရင် နှစ်ပေါင်းများစွာတောင် အချိန်ပေးရနိုင်ပါတယ်။ ဒါကြောင့် တူရိယာပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် အပျော်တီးခတ်သူအတွက်တောင် ကိုယ်ဘယ်လောက် အချိန် ၊ ငွေ ၊ အင်အားနဲ့ ဝါသနာဘာဂီ ပေးနိုင်စိုက်ထုတ်နိုင်မလဲဆိုတာလည်း ထည့်တွက်သင့်တယ်လို့ အကြံပြုလိုက်ရပါတယ်။

Featured Photo: Unsplash