လူတော်တော်များများဟာ သူတို့ ပထမဆုံး စက်ဘီးစီးခဲ့တဲ့ အတွေ့အကြုံတွေကို အမှတ်ရတတ်ပါတယ်။ စက်ဘီးစီးတယ်ဆိုတာ ခန္ဓာကိုယ်နဲ့ မှတ်ဥာဏ်ကို ဟန်ချက်ညီညီ ထိန်းကျောင်းလုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအရလည်း စက်ဘီးစီးတာဟာ ကိုယ်လက်ကြံ့ခိုင်ရေးအတွက်ရော စိတ်ကြည်လင် လန်းဆန်းစေဖို့ပါ အများကြီး အထောက်အကူပြုပါတယ်။

အခုခေတ်မှာ စက်ဘီးတွေဟာ ခေတ်နဲ့အညီ ဆန်းသစ်လာပြီ ဖြစ်လို့ စက်ဘီးသစ် ဝယ်မယ်ဆိုရင် အတော်လေး စဉ်းစားရပြီ ဖြစ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ကိုယ်နဲ့ကိုက်ညီမယ့် စက်ဘီးကို ရွေးဝယ်ရာမှာ ထည့်တွက်ရမယ့် အချက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ဘယ်လိုဘီးမျိုး လိုချင်တာလဲ

Source: bicycling

အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်မေးရမှာက ကိုယ်က စက်ဘီးကို ဘယ်လိုနေရာမှာ သုံးချင်တာလဲ။ ပေါ့ပေါ့ပါးပါး လျှောက်စီးဖို့ အတွက်လား ၊ အလုပ်သွားအလုပ်ပြန် ၊ ကျောင်းတက်ချိန်မှာ စီးဖို့လား။ ဒီအချက်က အရေးကြီးပါတယ်။ ကျောင်းတက်ဖို့အတွက် Mountain ဘီးမလိုသလို Hybrid Bikes/Road Bikes လောက်နဲ့ အဆင်ပြေပါတယ်။ ဒီလိုပဲ တောထဲ လမ်းကြမ်းစီးဖို့အတွက် Mountain Bikes ပဲ စီးသင့်တာပါ။

(၂) ငွေဘယ်လောက် သုံးမှာလဲ

Source: Stocksy United

၉ သောင်း ၁ သိန်းတန် ခပ်သင့်သင့် ဘီးမျိုး စီးချင်သလား။ ၂ သိန်း ၃ သိန်း သုံးမလားဆိုတာ ကိုယ့်ဘက်ဂျက်နဲ့ ကိုယ် ညှိရမှာပါ။ တိုက်တေနီယံ နဲ့ ကာဗွန်စစ် ဘီးတွေက ပေါ့ပါးသလောက် ဈေးမြောက်ပါတယ်။

(၃) ဘယ်မှာ သွားစီးမှာလဲ

Source: bicycling

စက်ဘီးတစ်စင်းကို ပုံမှန်သုံးမယ့် လမ်းကြောင်းကတော့ ရှိနေရမှာပါ။ အပျော်ခရီးထွက်ဖို့အတွက် ဝယ်တာဆိုရင်တော့ အကြမ်းခံပြီး အရည်အသွေးမြင့်တဲ့ Mountain Bike သုံးသင့်ပါတယ်။ ဒီကောင်တွေက ဂီယာတွေ Shifters တွေပါပြီး ပေါ့ပေါ့ပါးပါး စွန့်စားခန်းတွေအတွက် တကယ်လိုက်ဖက်တဲ့ ဘီးတွေ ဖြစ်ပါတယ်။

(၄) ဘီးအခြေအနေစစ်ပါ

Source: Bikestation

ဘရိတ်နဲ့ ဘီးရဲ့ Suspension စနစ်တွေက အရေးကြီးပါတယ်။ ဘရိတ်မှာဆိုရင်လည်း Disk Break ၊ Rim Brakes (ရာဘာပြားနဲ့ ဘီးအရှိန်ထိန်းတာ) နဲ့ ခြေနင်း နောက်ပြန်လှည့်ပြီး ထိန်းတဲ့ Coaster Break ဆိုပြီး ပါရှိပါတယ်။ Rim ဘရိတ်တွေက ရိုးရှင်းပေမယ့် ဘီးနာပါတယ်။ မိုးရွာနေချိန်မှာနဲ့ ရွှံ့ဗွက်ထဲမှာဆို သိပ်အဆင်မပြေပါဘူး။ Disk ဘရိတ်တွေကတော့ နေရာတိုင်းနဲ့ အဆင်ပြေပြီး Coaster Break တွေကတော့ ကလေးစီးဘီးတွေမှာ အတွေ့ များပါတယ်။ နောက်တစ်ခု Drum Breaks တွေကတော့ ဘီးအုံထဲမှာ ထည့်သွင်းထားတာ ဖြစ်ပြီး ထိန်းသိမ်းစရာ သိပ်မလိုတဲ့ ဘရိတ်တွေ ဖြစ်ပါတယ်။

(၅) စမ်းစီးကြည့်ပါ

Source: Unsplash

အခုပြောခဲ့တာတွေ အကုန်အဆင်ပြေပြီဆိုရင် စမ်းပြီး စီးကြည့်ဖို့အချိန်ယူပါ။ လက်ကိုင်ဘားနဲ့ ခုံက ကိုယ်နဲ့ အဆင်ပြေရဲ့လား။ စီးကြည့်ချိန်မှာ ကိုယ့်ကို စိတ်ကျေနပ်စေသလား။ ဘရိတ်တွေ သုံးကြည့် ကွေ့တွေ စမ်းမောင်းကြည့်ပါ။ သက်တောင့်သက်သာ ဖြစ်တယ်ဆိုရင် ဝယ်လိုက်လို့ရပါပြီ။