အခုခေတ်ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နည်းပညာသစ်တွေ ထိတွေ့နေရပြီ ဖြစ်ပါတယ်။ နည်းပညာမျိုးဆက်လို့ ခေါ်ရလောက်အောင် Social Media တွေ ၊ နည်းပညာထုတ်ကုန်သစ်တွေနဲ့ ရင်းနှီးလာတဲ့ ကလေးတွေအတွက် မိဘတွေကလည်း ခေတ်နဲ့အညီ လိုက်မှီအောင် စည်းနဲ့ကမ်းနဲ့ ခွင့်ပြုလာကြပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကလေးသုံး တက်ဘလက်ဝယ်ဖို့ စဉ်းစားနေသူတွေအတွက် အကြံတချို့ ပေးချင်ပါတယ်။
ပထမဆုံး စဉ်းစားရမှာက Screen Resolution ပါ။ ကလေးတွေအတွက် ဝယ်လိုက်တဲ့ တက်ဘလက်က ဂိမ်းကစားဖို့လား ၊ ရုပ်ရှင်ကြည့်ဖို့လား ၊ စာသင်ဖို့လား။ ဒီအပေါ်လိုက်ပြီး Screen ရုပ်ထွက်အကြောင်း စဉ်းစားရတာပါ။ 720p HD+ ဖြစ်ဖြစ် 1080p FHD+ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ 4K Resolution ကတော့ ကလေးသုံးဆို များလွန်းပါတယ်။ မလိုဘူးလို့ ပြောနိုင်ပါတယ်။
Photo: Unsplash
Screen Size အနေနဲ့ ကလေးသုံး တက်ဘလက်တွေဟာ ၇ လက်မနဲ့ ၁၀ လက်မအကြား လာပါတယ်။ ၁၀ လက်မဆိုဒ်ထက် ကြီးတာမျိုးကတော့ အရွယ်ရောက်ပြီးသား လူငယ်လူကြီးတွေနဲ့ ပိုအဆင်ပြေပါတယ်။ တက်ဘလက်မှာလည်း Screen အရွယ်အစား ငယ်လေလေ ဈေးပိုသက်သာလေလေပါပဲ။ ဒါပေမယ့်လည်း သုံးမယ့် ရည်ရွယ်ချက်ပေါ်လိုက်ပြီး ဈေးထက် Screen Size ကို ရွေးဖို့ စဉ်းစားရမှာပါ။
နောက်တစ်ချက်က Storage ဖြစ်ပါတယ်။ Storage ကတော့ သုံးမယ့် Apps တွေပေါ် လိုက်ပြီး ဘယ်လောက်လိုမယ်လို့ ခန့်မှန်းရတာပါ။ ကျောင်းစာအုပ်တွေ သိမ်းထားဖို့ ၊ သီချင်းတွေ ထည့်ထားဖို့ Disney+ ထဲက ရုပ်ရှင်တွေ ဒေါင်းထည့်ထားဖို့ စသည်ဖြင့် Storage ကတော့ များများစားစား လိုနိုင်ပါတယ်။ ပုံမှန်ဆို 32GB လောက်ကိုမှ microSD Card နဲ့ Storage ထပ်မြှင့်လို့ရတဲ့ မော်ဒယ်ဆို အဆင်ပြေပါတယ်။
ကလေးသုံးမှာ ဖြစ်လို့ တော်ရုံ ထိခိုက်ပျက်စီးတာ ခံနိုင်အောင်လည်း စဉ်းစားရပါတယ်။ ပုံမှန်ဆို လွတ်ကျတဲ့ဒဏ်ခံနိုင်တဲ့ ရာဘာအစွပ် Case နဲ့ လာတာ များပါတယ်။ နည်းနည်း အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်တွေဆိုရင်တော့ ပညာရေးသုံးဖို့အဓိကထားပြီး Specs မြင့်တဲ့ iPad လိုမျိုး အန်းဒရိုက်ထဲကဆို Lenovo Tab ၊ Samsung Galaxy Tab လိုမျိုးထဲကနေ ရွေးချယ်နိုင်ပါတယ်။
Photo: Unsplash
တက်ဘလက်အလေးချိန်နဲ့ ပတ်သက်လို့ အခုနောက်ပိုင်းက အတော်လေး Compact ဖြစ်လာလို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ကလေးသုံးပစ္စည်းဖြစ်လို့ မတော်မသင့်တာတွေ မမြင်ရအောင် ဒါမှမဟုတ်လည်း ဂိမ်းကစားတာကို အချိန်နဲ့အခါနဲ့ ထိန်းချုပ်နိုင်အောင် Parental Controls စနစ်တွေ ထည့်ထားဖို့ လိုပါတယ်။ Parental Controls ဆိုတာ ကလေးရဲ့ တက်ဘလက် Screen ကို အဝေးကနေ ထိန်းချုပ်နိုင်တာ ၊ အသံတိုး/လျှော့နဲ့ ကင်မရာ Control လုပ်နိုင်တာလိုမျိုး Features တွေ ပါဝင်တာကို ပြောတာပါ။
မိဘတစ်ယောက်အနေနဲ့လည်း ကလေးကို တက်ဘလက်ဝယ်မပေးခင်မှာ Screen Time ကိစ္စစည်းကမ်းထားဖို့ အရင်ဆုံး ပြောထားဖို့ လိုသလို အင်တာနက်ဘေးကင်းရေးအတွက် သိသင့်တာတွေ သင်ကြားပေးဖို့ လိုပါတယ်။
Featured Photo: CBS News