လူတစ်ယောက်ရဲ့ဘဝကို ပြင်းပြင်းထန်ထန် ထိုးနှက်နင်းခြေသွားတဲ့ဖြစ်ရပ်တွေကြောင့် စိတ်ထိခိုက်ခံစားရမှုကို ထရော်မာလို့ ပြောကြပါတယ်။သင့်တစ်ဘဝလုံး ရှက်ကြောက်ထိတ်လန့်နေရတဲ့အဖြစ်တွေဟာ အိပ်မက်ဆိုးကြီးလို သင့်ကို ခြောက်လှန့်နေမယ့် ထရော်မာတွေပါပဲ။ စိတ်ဒဏ်ရာရမှုဟာ ကျွန်တော်တို့ခေတ်မှာ အများဆုံးလို့ တောင် ဆိုနိုင်ပါတယ်။

လေ့လာမှုတစ်ခုအရ အရွယ်ရောက်သူတွေရဲ့ ၇၀% ဟာ အနည်းဆုံး ထရော်မာဖြစ်လောက်တဲ့ ဖြစ်ရပ်တစ်ခုတော့ ကြုံဖူးကြတယ်လို့ ဆိုပါတယ်။ ထရော်မာခံစားရသူတွေထဲက လူအများစုဟာ PTSD လို့ခေါ်တဲ့ စိတ်ခြောက်ချားဖွယ်ရာဖြစ်ရပ်အလွန် စိတ်ဖိစီးမှုဝေဒနာတွေ ရှိကြပါတယ်။ ဒီလို အခြေအနေတွေကတော့ တတ်ကျွမ်းတဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံသင့်တဲ့အခြေအနေဖြစ်ပါတယ်။
ထရော်မာဖြစ်ရပ်တွေနဲ့ ကြုံပြီး စိတ်ဖိစီးတဲ့လူတွေအတွက် ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့်နည်းလမ်းတချို့ကိုတော့ ဒီမှာ ညွှန်းချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ပါ

man writing

Photo: Unsplash

ကိုယ့်စိတ်အတွင်းက ခြောက်လှန့်နေတဲ့ ခံစားချက်ကို မြုံမထားပါနဲ့။ ဖွင့်ချလိုက်ပါ။ ယုံကြည်ရသူ တစ်ယောက်ယောက်ကို ဖွင့်ပြောတာ ဖြစ်ဖြစ် စာရေးတာ ဖြစ်ဖြစ်လုပ်ပါ။ အတွင်းထဲမှာ လောင်နေတာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မရှို့မိပါစေနဲ့။

(၂) တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပါ

doctor

Photo: Unsplash

နောက်တစ်ချက်က စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ပါ။ Counseling လုပ်ခြင်းအားဖြင့် ကိုယ့်စိတ်ပြဿနာကို တကယ်နားလည်သူနဲ့ တိုင်ပင်လို့ ရလာပါမယ်။ ပရော်ဖက်ရှင်နယ်တွေရဲ့ လမ်းညွှန်မှုခံယူလိုက်ရင် ကိုယ့်ခံစားချက်တွေကို အပြုသဘောဆောင်တဲ့ဘက် ပြန်ရောက်လာနိုင်သလို ထရော်မာ ကုထုံးတွေနဲ့ စနစ်တကျ ကုသမှုပေးတာကြောင့် အမြန်သက်သာသွားနိုင်လို့ ဖြစ်ပါတယ်။

(၃) တရားထိုင်ပါ

meditating

Photo: Unsplash

တရားထိုင်ခြင်းဟာ အတွင်းစိတ်ငြိမ်းအေးမှုကို တည်ဆောက်တာ ဖြစ်သလို စိတ်သန့်ရှင်းတည်ငြိမ်မှုကိုလည်း ဖွံ့ဖြိုးအောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်။ တရားထိုင်ခြင်း စိတ်ခံစားချက်အင်အားအတွက် လိုအပ်တဲ့အာဟာရတွေ မှီဝဲရာလည်း ရောက်ပါတယ်။ စိတ်ကြောင့် ဖြစ်တဲ့အနာကို စိတ်နဲ့ပဲ ကုသနိုင်မှာ ဖြစ်လို့ တရားထိုင်ခြင်းကို ဆရာကောင်းနဲ့ စနစ်တကျ အားထုတ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

(၄) ကိုယ်လက်လှုပ်ရှားပါ

man running

Photo: Unsplash

ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေက စိတ်ဒဏ်ရာနဲ့ ဆက်စပ်တဲ့ ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ အားကစားလုပ်ချိန်မှာ ဦးနှောက်ထဲက နူရိုထရန်စမစ်တာတွေဟာ ခံစားချက်ကို မျှခြေထိန်းပေးတဲ့ Endorphins လေးတွေ ထုတ်ပေးပါတယ်။ နောက်ပြီး နှလုံးသွေးလည်ပတ်မှုလည်း ကောင်းစေလို့ ကိုယ်တွင်းသွေးလည်ပတ်မှုမှန်ပြီး နှလုံးလည်း ကျန်းမာ ၊ စိတ်လည်း ကြည်လင်လာပါလိမ့်မယ်။

(၅) အများနဲ့ ပေါင်းသင်းဆက်ဆံပါ

man and friends

Photo: Unsplash

ထရော်မာဝင်သူတွေဟာ လူရှောင်တတ်ပါတယ်။ တကယ်က လူတွေနဲ့ အဆက်ဖြတ်လိုက်တာက စိတ်ဒဏ်ရာကို ပိုဆိုးစေပါတယ်။ လူဟာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါဖြစ်လို့ အချင်းချင်း ဆက်ဆံမှုမရှိတဲ့အခါ အကျိုးထက် ဆိုးပြစ်ပိုဖြစ်တတ်ပါတယ်။ လူတွေကို ယုံကြည်ဖို့ ခက်တယ်ဆိုရင်တောင် လူတွေကို ရှောင်ဖို့ မလုပ်ပါနဲ့။ ကိုယ့်ကို လက်ခံနားလည်ပေးမယ့်သူတွေ အများကြီး ရှိပါတယ်။ အဲ့ဒီလို လူ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပါ။ ကိုယ့်ဘဝကို ပြန်ထွန်းလင်းပါ။

Featured Photo: Revitaliz Ingin Fusions