လွမ်းတယ်ဆိုတာ ဆန်းတယ်တော့လည်း မဟုတ်ပါဘူး။ ကိုယ်ချစ်ရသူနဲ့ တစ်နေရာစီ ဝေးကွာနေပြီဆိုရင် လွမ်းစိတ်ဝင်ပြီး လွမ်းချင်ချင် ဖြစ်တော့တာပါပဲ။ အဲ့ဒီလို အလွမ်းဒဏ်တွေ သက်သာဖို့အတွက် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။

(၁) စာရေးပါ

Fountain Pen

Photo: Unsplash

စာတွေ ပေးပြီး လွမ်းတေးဖွဲ့တဲ့ ခေတ်တွေက ဟိုးအနောက်မှာ ကျန်ခဲ့ပြီလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် အရိုးဆုံးနည်းလမ်းတွေက အမြဲပဲ အလုပ်ဖြစ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။ တစ်ယောက်ယောက်ကို လွမ်းတဲ့အခါ စာတစ်စောင်/ကဗျာတစ်ပုဒ် ကောက်ရေးထားပါလို့ ပြောချင်ပါတယ်။ မပေးဖြစ်တောင် အမှတ်တရအနေနဲ့ရော အလွမ်းပြေအဖြစ်ပါ သိမ်းထားလို့ ရပြီး ခဏလေးဖြစ်ဖြစ် လွမ်းစိတ်ကနေ သက်သာရာရသွားနိုင်ပါတယ်။

(၂) Meditate လုပ်ပါ

Meditate

Photo: Unsplash

တရားထိုင်တယ်ဆိုတာ ဘာသာရေးသက်သက် မဟုတ်တော့ပါဘူး။ ယောက်ယက်ခတ်နေတဲ့ သင့်ရဲ့ Mood ကို ငြိမ်းအေးတည်ကြည်သွားအောင် ခေါင်းရှင်းဖို့အတွက်ပါ အသုံးကျတဲ့ အရာဖြစ်ပါတယ်။ လွမ်းတယ်ဆိုတာ အတိတ်အကြောင်းကို ပြန်တွေးတာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ စိတ်ထားနိုင်ပြီး စိတ်အလျင်ကို သူ့အတိုင်း ကြည့်လိုက်ရင် လွမ်းစိတ်က လွန်ပြီး အတွေးတွေ တည်ငြိမ်သွားတာကို ခံစားရမှာပါ။

(၃) တစ်ယောက်ယောက်ကို ဖွင့်ပြောပြပါ

Conversation

Photo: Unsplash

အလွမ်းတွေကို မျှဝေဖွင့်ဟနိုင်မယ့် သူငယ်ချင်းတစ်ယောက်ယောက်ရှိတာ ကံကောင်းပါတယ်။ သင်က သင့်ရဲ့ လွမ်းဆွတ်တမ်းတမှုကို ကာယကံရှင်ဆီ ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပြောဖို့ မဖြစ်နိုင်တဲ့အခြေအနေမျိုးမှာပေါ့။ ရင်ဖွင့်တယ်ဆိုတဲ့ စကားဟာ ဒီနေရာမှာ သိပ်အဓိပ္ပါယ်ရှိပါတယ်။ သင့်ရင်ထဲက မျိုသိပ်ထားတဲ့ ခံစားချက်တွေကို ကိုယ်ယုံကြည်ရသူဆီမှာ ဖွင့်ချလိုက်ခြင်းအားဖြင့် အများကြီး သက်သာရာရပါတယ်။ တကယ်လို့ သင့်ချစ်သူကို လွမ်းတာဆိုရင်တော့ ဖုန်းသာ ဆက်လိုက်ပါတော့လို့ ပြောချင်ပါတယ်။

(၄) ခွန်အားအဖြစ် ပြန်သုံးပါ

Hand

Photo: Medium

သင်လွမ်းနေတဲ့လူ/အရာဟာ လောကကြီးမှာ မရှိတော့ရင် လွမ်းလို့ ဘာအကျိုးမှ မရှိတော့ပါဘူး။ ဒီလို အခြေအနေမျိုးက ရင်ဆိုင်ရ ခက်ပါတယ်။ အကြံပေးနိုင်တာက ဒီလွမ်းဆွတ်မှုကနေ အပြုသဘောဘက်ကို ပြန်ဦးလှည့်ဖို့ပါ။ အခု ဒီမှာ ရှိနေတာကိုက သင်ချစ်ရတဲ့လူတွေအတွက် ကောင်းတာတွေ အများကြီးလုပ်ပေးခွင့် ၊ အတူတူ တရင်းတနှီး ချစ်ချစ်ခင်ခင် နေထိုင်ခွင့် ၊ ဘဝကို ခုံခုံမင်မင် ပျော်ပျော်ရွှင်ရွှင် ခံစားခွင့်တွေ ရှိနေသေးတာပဲလို့ ကိုယ့်ကိုယ်ကိုယ် အမှတ်ရနေလိုက်ပါ။

စွမ်းအားအဖြစ် ပြန်လမ်းကြောင်းတည်ထားတဲ့ အလွမ်းတွေဟာ ဆေးခါးကြီးဆိုပေမယ့် လက်တွေ့ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ဖြတ်ကျော်ရာမှာ ထက်မြက်ထိရောက်တဲ့ ဆေးတစ်လက်ပဲဆိုတာလည်း မမေ့စေချင်ပါဘူး။

Featured Photo: Medium