လူ့ခန္ဓာကိုယ်လိုပါပဲ။ စိတ်ဓါတ်ကိုလည်း အိပ်ရာထ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ပေးဖို့ လိုပါတယ်။ ဒါကို Morning Mindset Warmup လို့ ခေါ်ကြပါတယ်။ ခန္ဓာကိုယ်လက်အင်္ဂါတွေ အင်ပြည့်အားပြည့် ထိခိုက်မှုမရှိဘဲ အလုပ်လုပ်နိုင်ဖို့ အကြောလျှော့သလိုမျိုး စိတ်ဓါတ်ကို သွေးပူလေ့ကျင့်ပေးထားခြင်းအားဖြင့် တစ်နေ့တာကို Energy အပြည့်နဲ့ ဖြတ်သန်းရင်ဆိုင်ရာမှာ အားဖြစ်စေမှာပါ။ Morning Mindset Warmup တစ်ခုကို လုပ်ရတာ မခက်ပါဘူး။ အိပ်ရာပေါ်မှာတင် မိနစ်အနည်းငယ်လောက် လှဲရင်းနဲ့ အခုပြောမယ့် အဆင့်လေးတွေ လုပ်ပေးရုံပါပဲ။

(၁) အသက်ရှုပါ

Photo: Freepik

အသက်ပြင်းပြင်းရှုမှုနဲ့ မနက်ခင်း စိတ်ဓါတ် Warmup လေ့ကျင့်ခန်းလေး စတင်ပါ။ ငါးစက္ကန့်ကြာအောင် အသက်ပြင်းပြင်းရှုပြီး ၁၀ စက္ကန့်အရောက်မှာ အသက်ရှုထုတ်ရမှာပါ။ အသက်ကို ရှည်ရှည်ပြင်းပြင်း ရှုသွင်းလိုက်ခြင်းဖြင့် ဦးနှောက်ဟာ အောက်ဆီဂျင်ရောက်ရှိမှု များပြီး သွက်လက်လန်းဆန်းလာမှာပါ။

(၂) ကျေးဇူးတင်လိုက်ပါ

Photo: Freepik

မနက်ခင်းအဖွင့်မှာ ကျေးဇူးတင်စရာအကြောင်းလေးတွေ တွေးရင်း တစ်နေ့တာကို စတင်ဖို့ အကြံပေးချင်ပါတယ်။ နွေးထွေးလုံခြုံတဲ့ အိပ်ရာကနေ နိုးထလာရလို့ ကျေးဇူးတင်ပါ။ မနက်ခင်းရဲ့ လှပသာယာမှုကို ခံစားရလို့ ကျေးဇူးတင်လိုက်ပါ။ ကျေးဇူးတင်စရာတွေကို ရှာဖွေပြီး ကျေးဇူးတင်တတ်တဲ့အကျင့်ကို ၂ ပတ်လောက် ပုံမှန်လုပ်သွားရင် စိတ်အေးချမ်းပြီး အကောင်းမြင်မှု ပိုအားကောင်းလာတာ တွေ့ရပါလိမ့်မယ်။

(၃) ဆုံးဖြတ်ချက်ချပါ

Photo: Freepik

ဒီနေ့အတွက် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တစ်ခုကို သတ်မှတ်လိုက်ပါ။ ဒီနေ့မှာ ဘယ်လိုနေသွားချင်သလဲဆိုတာမျိုး ဖြစ်ပါတယ်။ ဒီနေ့တော့ ပျော်ရွှင်ချမ်းမြေ့စွာ နေသွားမယ်။ အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်မယ်လို့ တွေးလိုက်ပါ။

(၄) တရားထိုင်ပါ

Photo: Freepik

တရားထိုင်တာ အကျင့်ရှိသူတွေဟာ အကောင်းမြင်စိတ်ပိုများကြပါတယ်။ မနက်ဖက်လို ဆိတ်ငြိမ်ပြီး အရာအားလုံး အစပြုနေချိန်မှာ တရားထိုင်ခြင်းအားဖြင့် စိတ်အင်အားတက်လာစေသလို ငြိမ်းချမ်းကြည်လင်မှုကိုလည်း တစ်နေ့လုံး ခံစားဖို့အတွက် လမ်းဖွင့်လိုက်ရာ ကျပါတယ်။