အလုပ်ခွင် အပြင်ဘက်မှာ ကိုယ့်ရဲ့ အထက်လူကြီးနဲ့ တစ်ဝိုင်းတည်း သောက်ဖြစ်တာဟာ တကယ့်အန္တရာယ်ဇုန်ပါပဲ။ အလုပ်ထဲမှာ ကိုယ်ကြုံခဲ့တဲ့ မကျေနပ်ချက်တွေက ယမကာရဲ့ သွေးဆွမှုကြောင့် ပိုပြီး အထိန်းအကွပ်မဲ့သွားတတ်ပါတယ်။ အဲသလိုမျိုး အခြေအနေမှာ ကိုယ့်ဘက်က ဖောင်းမိရင် အလုပ်ကပါ ပြုတ်သွားနိုင်တာကြောင့် အထက်လူကြီးနဲ့ဖြစ်စေ ကိုယ့်သူဌေးနဲ့ဖြစ်စေ သောက်တော့မယ်ဆိုရင် အခုပြောမယ့် အချက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

(၁) သိပ်မဖားပါနဲ့

Source: pexels

အထက်လူကြီးပဲ ဖြစ်ဖြစ် သူဌေးပဲ ဖြစ်ဖြစ် သူတို့ဟာ ကိုယ့်ခေါင်းဆောင်ဖြစ်တဲ့အတွက် လေးစားရိုသေမှုတော့ ပြသရမှာပါ။ ဒါပေမယ့် ကိုယ့်လူကြီးမို့ သူ့အကြိုက်ဖားလိုက်မယ် ဆိုတဲ့ Yes Man ပုံစံမဖြစ်ပါစေနဲ့။ အလုပ်ကို မထိခိုက်ပေမယ့် ကိုယ့်ကို အထင်သေးသွားနိုင်ပါတယ်။ ပုံမှန်အတိုင်းပဲ ဆက်ဆံပါ။ လူတစ်ယောက်နဲ့ အရက်သောက်ဖြစ်ပြီး အဲဒီလူမှာ ချီးကျူးစရာတွေ ရှိတယ်ဆိုတဲ့ စိတ်အခံနဲ့ပဲ သောက်လိုက်ပါ။

(၂) ကိုယ့်ကို ဘယ်လို မြင်သလဲ သွားမမေးနဲ့

Source: pexels

သောက်ရင်းစားရင်း အလုပ်အကြောင်းကို ကိုယ့်ဘက်က စကားစ မပြောတာ အကောင်းဆုံးပါ။ ဒီအချိန်မှာ အားလုံးက စိတ်ကို လျှော့ပြီး အနားယူနေတာပါ။ သူတို့လည်း သူတို့လက်အောက်ငယ်သား ဝန်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီး နေချင်လို့ လာတာ ဖြစ်ပါတယ်။ အလုပ်ကိစ္စကို ရုံးခန်းထဲမှာ ပြောပါ။ ဘားထဲမှာတော့ ခင်ဗျားက သူဌေးဆီက အတွေ့အကြုံနဲ့ အမြင်တွေကို အချိန်ပို ကျူရှင်ယူသလို သင်ပါ။ မေးပါ။ သူ့ကို စကားပြောပါစေ။

(၃) လူကြီးပြောသမျှကို ဟုတ်ကဲ့ မလုပ်ပါနဲ့

Source: pexels

သဘောထား မတိုက်ဆိုင်တာ ရှိတဲ့ အချိန်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်အမြင်ကို ပြောပါ။ မပြောချင်ရင် ကိုယ့်ပါးစပ်ကို အရက်ခွက်မှာ တပ်ထားပြီး ကိုယ်ဘယ်လောက်ထက် ပိုပြီး မသောက်သင့်ဘူးလဲ တွေးနေပါ။

(၄) မကောင်းမြင်တဲ့ စိတ်မဖြစ်အောင် ရှောင်ပါ

Source: pexels

ကိုယ့်စိတ်အခံထဲမှာ ရုံးထဲက အဆင်မပြေမှုတွေ ထည့်မထားတာ အကောင်းဆုံးပါပဲ။ ဒီအချိန်ဟာ သူနဲ့ကိုယ် ပေါ့ပေါ့ပါးပါး ကစားပြောဖို့ လမ်းပွင့်နေတဲ့ အချိန်ဖြစ်လို့ ဆက်ဆံရေး ဆိုးဝါးစေမယ့် အပြုအမှု အပြောအဆိုတွေကို မြေမြှုပ်ထားသင့်ပါတယ်။

(၅) မျက်ရည်မချူနဲ့


Source: pexels

အထက်လူကြီးဆီက သနားဂရုဏာရဖို့ ကိုယ့်ဘဝအခြေအနေကို ပြမစားသင့်ပါဘူး။ သူ့မှာလည်း ပြဿနာတွေ ရှိပါတယ်။ သူ့ပြဿနာတွေဟာ တစ်ခါတစ်လေ ကိုယ့်ထက်တောင် ကြီးနိုင်ပါတယ်။ တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေပဲ ပြောဆို ဆွေးနွေးတာ စိတ်ချရပါတယ်။

(၆) မမူးစေနဲ့

Source: pexels

အရေးကြီးဆုံး နောက်ထပ် စည်းမျဉ်းက ကိုယ့်အထက်အရာရှိနဲ့အတူ မမူးစေနဲ့ဆိုတာပါပဲ။ ကိုယ့် Limit ထက် အမြဲ လျှော့သောက်ပြီး ကျန်းမာရေးအကြောင်းပြပြီး အလိမ္မာနဲ့ ငြင်းပါ။ နောက်ဆုံး သူ အမူးလွန်လို့ ကိုယ်လိုက်ပို့ရမယ်ဆိုရင်တောင် သူ့ကို စောင့်ရှောက်ဖို့ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ သတိရပါ။