အပြောင်းအလဲဟာ တကယ်တော့ နောက်ထပ်အခြေအနေတစ်ရပ်ပါပဲ။ ဒါပေမယ့် လူတော်တော်များများဟာ အပြောင်းအလဲဆိုရင် ခေါင်းပဲခါပြီး ငြင်းချင်ကြပါတယ်။ တကယ်က အပြောင်းအလဲဟာ သမရိုးကျပုံစံကနေ ခွဲထွက်ဖို့ အကောင်းဆုံး အနေအထားတစ်ခုပါပဲ။

Businesspeople standing with hands raised

Source : Freepik

အလုပ်ပြောင်းတာ ၊ ကျောင်းပြောင်းတာ ၊ ကိုယ်ဟန်အမူအယာပြောင်းတာအပြင် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေအထိ အပြောင်းအလဲတိုင်းဟာ ထူးခြားပါတယ်။ ဒီလို အပြောင်းအလဲတွေနဲ့ ကြုံလာရင် ဘယ်လိုလုပ်သင့်သလဲဆိုတာ သိထားသင့်ပါတယ်။အပြောင်းအလဲမှာ အလိုက်သင့် ရှင်သန်နိုင်သူသာ ကျန်ခဲ့တာပါ။ ပြောင်းလွယ်ပြင်လွယ် ရှိသူတွေဟာ အခြေအနေသစ်ရဲ့ တောင်းဆိုမှုကို အသားကျလွယ်ပြီး ဒီအခြေအနေရဲ့ ကောင်းကျိုးကိုလည်း အရင်ဆုံး ခံစားရသူတွေ ဖြစ်ပါတယ်။ အလုပ်မှာ ပုံမှန်အတိုင်း လုပ်သွားရင်းနဲ့ အပြောင်းအလဲတွေရဲ့ သဘောကို ကြိုပြီး တွက်ဆနိုင်သူတွေဟာ ပိုပြီး အားကောင်းသန်မာသူတွေ ဖြစ်လာပါတယ်။

အလုပ်လုပ်ရင်း ကိုယ့်ကိုယ်ကို ဘယ်ရောက်နေမှန်း မသိတဲ့ အဖြစ်မျိုး ကြုံလာတာဟာ အဆိုးဆုံးအခြေအနေပါ။ ခေတ်နဲ့ မျက်ခြေပြတ်သွားတာဟာ ကိုယ့်ဆီလာတဲ့ အခွင့်အလမ်းတွေကိုပါ ပယ်ချရာ ရောက်ပါတယ်။ လူတွေနဲ့ ဆက်သွယ်ပါ။ စကားတွေ ပြောပါ။ ခေတ်ထဲမှာ ပျော်ဝင်ဖို့ ပြင်ဆင်ထားပါ။ ရည်ရွယ်ချက်တစ်ခုဆီ သွားနေချိန်မှာ တစ်ချို့အရာတွေထဲကနေ ထွက်မသွားမိဖို့လိုပါတယ်။ကိုယ်တတ်ထားတဲ့ ပညာဟာ ရှေ့လျှောက် အသုံးဝင်ပါ့မလား။ ကိုယ်လုပ်နေတဲ့ အလုပ်ကရော ဘာတွေ ပြောင်းဖို့ လိုနေပြီလဲ။ အပြောင်းအလဲသစ်က ဘာဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ နေ့တိုင်း မေးပါ။ အပြောင်းအလဲဟာ အကျိုးရှိနိုင်တယ်ဆိုတာကို စိတ်ထဲ ထည့်ထားပြီး လက်ခံလိုက်ပါ။ အပြောင်းအလဲတွေ မဖြစ်ခင်ကတည်းက ပြောင်းလဲလာမယ့် အရာတွေအတွက် ကိုယ့်ကိုယ်ကို အကဲဖြတ် ၊ အဆင့်မြှင်တင်ပြီး စာမေးပွဲစစ်နေပါ။

Silhouette of a person standing on the top of a hill under the beautiful colorful sky in the morning

Source : Freepik

အပြောင်းအလဲဟာ အဝေးကြီးက မလာပါဘူး။ ကိုယ့်အနားမှာပဲ ရိပ်ကာသီကာနဲ့ လက္ခဏာပြပါတယ်။ လူတွေ ဘယ်လို နေထိုင်လာကြပြီလဲ။ သူတို့ ဘဝရဲ့ နေစဉ် အရေးပါတဲ့ အရာတွေ ၊ စံနဲ့ တန်ဖိုးတွေ ပြောင်းနေပြီလား ၊ ဘာကြောင့် ပြောင်းလဲတာလဲ။ ပတ်ဝန်းကျင်ကို မေးခွန်းထုတ်ပြီး သုတေသနပြုနေပါ။ အပြောင်းအလဲနဲ့ ကြိုပြီး မိတ်ဆွေဖွဲ့ထားပါ။ သူ့အကြောင်းတွေကို အရင်ဆုံးလေ့လာထားမယ်ဆိုရင် အပြောင်းအလဲ လာချိန်မှာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

ဘာမှန်းမသိရသေးသမျှ ကောင်းတဲ့ အပြောင်းအလဲလို့ပဲ မှတ်ပါ။ တစ်ချို့အပြောင်းအလဲတွေဟာ ဖြည်းဖြည်းချင်း ဖြစ်လာပြီး တစ်ချို့ကတော့ ဗြုန်းစားကြီး ဖြစ်လာတတ်ပါတယ်။ တစ်ခု ပြောနိုင်တာက ဘယ်လို အပြောင်းအလဲပဲ ဖြစ်လာဖြစ်လာ ကိုယ့်ဘက်က အခွင့်အလမ်း ရှာတတ်ဖို့ပါပဲ။ ဆိုးဝါးတဲ့ အပြောင်းအလဲတွေမှာတောင် ကောင်းတဲ့ အပိုင်းတွေ ပါလာတတ်တာဖြစ်လို့ အပြောင်းထဲက အကောင်းပဲ ရှာမယ်ဆိုရင် ရှေ့ရောက်ပါတယ်။