ဘဝကို ပုံစံမျိုးစုံ ၊ အသွင်အပြားပြားနဲ့ ဖြတ်သန်းသွားလာရတဲ့ သူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ကိုယ်ကို ပြန်မေးတတ်တဲ့ မေးခွန်း ရှိပါတယ်။ အဲ့ဒါကတော့ ငါပျော်ရဲ့လား ဆိုတာပါပဲ။ လူတွေဟာ အသက်မွေးမှုအရ ဘဝရပ်တည်ရေးနောက် ခြေကုန်သုတ်လိုက်ကြရင်းနဲ့ ကိုယ့်ကိုယ်ကို ပျော်အောင်ထားဖို့ မေ့နေကြပါတယ်။

စိတ်ထဲမှာ အတွေးတွေနဲ့ ဖိစီးကြပ်ခဲ မနေဘဲ ပေါ့ပါးလွတ်လပ်သွားတဲ့ အချိန်တွေမှာ ဘဝတစ်ခုရဲ့ အရသာအကြောင်းတော့ စဉ်းစားမိသွားပါလိမ့်မယ်။ ကျွန်တော်တို့တတွေဟာ မသေချာမှုများတဲ့ ခေတ်ကြီးမှာ လူဖြစ်လာရတာပါ။ စိုးရိမ်သောကတွေ ၊ အနာဂါတ်အရေး တွေးပူစရာတွေနဲ့ လက်ရှိအခြေအနေ ရုံးကန်လှုပ်ရှားရမှုတွေအကြားမှာ နစ်မြှပ်လုမတတ် ပင်ပန်းနေကြတာ ဖြစ်ပါတယ်။

ဒီလိုမျိုး စက်ရုပ်တွေလို မနားတမ်း လှုပ်ရှားနေရတဲ့ ဘဝကြီးထဲမှာ ပျော်ရွှင်မှုတွေ ပျောက်ကွယ်သွားပြီဆိုရင် အဓိပ္ပါယ်မရှိတဲ့ ဘဝကြီး ဖြစ်တော့မှာပါ။ သင့်ကိုယ်သင် ပျော်အောင်ထားဖို့ စိတ်လက်ကြည်လင်ပေါ့ပါးစေဖို့အတွက် ပိုက်ဆံအများကြီး မလိုပါဘူး။ ဒီအကျင့်လေးတွေ လုပ်ပေးဖို့ပဲ လိုပါတယ်။

(၁) စမတ်ဖုန်းတွေနဲ့ ဝေးအောင်နေ

Photo: timepsychology

ဒီနေ့ခေတ်မှာ ဖုန်းနဲ့ မျက်နှာ မခွာတမ်း သုံးလာကြတာကို နေရာတိုင်းမှာ တွေ့လာကြပြီ ဖြစ်ပါတယ်။ နည်းပညာဟာ လူတွေကို လွယ်ကူ သက်သာစေရုံတင်မဟုတ်ဘဲ စွဲလမ်းစိတ်ဖြစ်အောင်အထိ ဆွဲဆောင်ဖြားယောင်းနေပါတယ်။ စမတ်ဖုန်းတစ်လုံးဟာ တစ်ကမ္ဘာလုံးက ဖျော်ဖြေ‌ေရးတွေကို ထိုင်ရာမထတမ်း ကြည့်ရှုခံစားလို့ရတာကြောင့် လူတွေရဲ့ နေ့စဉ်ဘဝဟာ Screen ပေါ်မှာတင် အချိန်ကုန်မှန်းမသိ ကုန်လာပြီ ဖြစ်ပါတယ်။
စမတ်ဖုန်းကြောင့် မျက်လုံးတွေ အဝေးမှုန်လာပြီး အာရုံကြောစနစ် ထိခိုက်လာနိုင်ပါတယ်။ လူမှုကွန်ရက်ပေါ်က ရှုပ်ထွေးများပြားလှတဲ့ သတင်းအချက်အလက်တွေ ၊ အာရုံခံစားစရာတွေကြောင့် စိတ်ဟာ အနားမရနိုင် ဖြစ်လာပါတယ်။ အရေးမပါတာတွေကြောင့် အလကားနေရင်း စိတ်ပင်ပန်းရသလို တကယ်ပျော်ရွှင်ခံစားနိုင်သူ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

(၂) ဥယျာဉ်စိုက်ပါ

Photo: Freepik

သစ်ပင်စိုက်ခြင်းဟာ ကမ္ဘာမြေနဲ့ သင့်ကိုယ်သင် စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ အပင်လေးတွေ ရှင်သန်လာတာကို ကြည့်ရင်း ပျော်ရတဲ့ ပီတိဟာ လူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အကောင်းမြင်စိတ် ဖြစ်ထွန်းမှုအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးပေးပါတယ်။ ကျန်းမာရေးအတွက်လည်း များပြားလှတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။
ဥယျာဉ်ပန်းမာန်စိုက်ပျိုးခြင်းကနေ ပျော်ရွှင်မှုအတွက် အရေးပါတဲ့ Serotonin ၊ Dopamine နဲ့ စိတ်ကြည်နူးစေတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်တာကြောင့် သစ်ပင်စိုက်ရင်း စိတ်ချမ်းသာအောင် နေလို့ ရပါတယ်။ သစ်ပင်စိတ်ခြင်းဟာ စိတ်ပြေလျော့့စေပြီး ပန်းပွင့်တာ ၊ အပင်ကြီးလာလေးတွေ ကြီးလာတာကို ကြည့်ရင်းနဲ့ စိတ်ငြိမ်းအေးအောင် နေနိုင်မှာပါ။

(၃) အသေးစား လေ့လာမှုလုပ်ပါ

Photo: Freepik

ဗဟုသုတက စွမ်းအားကြီးပါတယ်။ ဒါတင်မဟုတ်ပါဘူး။ သင်ကြားမှုက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု များပြီး မပျော်မရွှင်ဖြစ်နေချိန်မှာ ၁၅ မိနစ်နားပြီး လေ့လာသင်ယူတာဟာ စိတ်ခံစားချက်ကို ပိုကောင်းအောင် ပြောင်းလဲစေနိုင်မှာပါ။ ဒီနည်းဟာ ဗဟုသုတနဲ့ အတတ်ပညာလည်း တိုးစေသလို စိတ်လည်း ပိုပြီး ရွှင်မြူးစေပါတယ်။

(၄) အဆီများတဲ့ ငါးစားပါ

Photo: Freepik

ဆယ်လ်မွန်ငါးတွေစားတာဟာ စိတ်ဓါတ်ကျဆင်းမှု သက်သာစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဆယ်လမွန်အပြင် ထရောတ်ငါး ၊ မက်ကာရဲငါးနဲ့ဟားရင်း ငါးမျိုးတွေဟာ အိုမီဂါဖက်တီး သရီးအက်ဆစ် ကြွယ်ဝပြီး စိတ်ဓါတ်ကျမှု လျော့ပါးစေပါတယ်။ ဖက်တီးအက်ဆစ်ဟာ နှလုံးနဲ့ ဦးနှောက်လုပ်ဆောင်ချက်အတွက် အရေးပါတဲ့ ဓါတ်သတ္ထုဖြစ်ပြီး ဒီဓါတ်တွေ ပြည့်ဝဖို့ နေ့စဉ် အိုမီဂါဖက်တီး သရီးအက်ဆစ် နေ့စဉ်သောက်ပေးလို့ရပါတယ်။

(၅) အသက်ရှုမှု ပိုကောင်းအောင် လုပ်ပါ

Photo: Freepik

ဘေးကင်းစိတ်ချရပြီး ရေရှည်ပျော်ရွှင်သူ ဖြစ်ချင်ရင် သင့်အသက်ရှုမှုပုံစံကို ပိုတိုးတက်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ အသက်ရှုမှု ပုံစံမှန်ခြင်းဟာ စိတ်ဖိစီးမှု လျော့ပါးစေခြင်း ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း ၊ အာရုံစူးစိုက်မှု ပိုကောင်းစေခြင်း ၊ လုပ်ဆောင်နိုင်စွမ်း တိုးတက်ပြီး နလန်ထ မြန်ဆန်စေခြင်း အကျိုးတွေ ပေးပါတယ်။