ကျိုးတိုးကျဲတဲနဲ့ ဟိုတစ်မျှင် ဒီတစ်မျှင် ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ နှုတ်ခမ်းမွေးတွေဟာ စိတ်ပျက်စရာပါ။ တကယ်တော့ ဒီလို ဖြစ်တာဟာ ဆံပင်ပါးတာ/ကျွတ်တာနဲ့ ဆင်ပါတယ်။ မုတ်ဆိတ် ၊ နှုတ်ခမ်းမွေး ကျဲနေတာဟာ မျိုးရိုးဗီဇ ၊ ဟော်မုန်း မမျှတမှု ၊ ဖိအားနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လူနေမှု ပုံစံကြောင့်လို့ ဆိုပါတယ်။

နှုတ်ခမ်းမွေး ပေါက်တဲ့ပုံစံ မလှတာဟာ အမျိုးသားတွေအတွက် စိတ်ဒုက္ခပေးနေတဲ့ အရာထဲမှာ ပါပါတယ်။ ဒီဆောင်းပါးမှာ မုတ်ဆိတ် နှုတ်ခမ်းမွေး ပေါက်တဲ့ပုံစံ မညီရင် ပြုပြင်လို့ရမယ့် နည်းတစ်ချို့ ညွှန်းထားပါတယ်။

(၁) မထိနဲ့

Photo: Fashion Beans

ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ မုတ်ဆိတ်တွေကို တညီတည်း ဖြစ်စေဖို့ အရင်ဆုံး သတိထားရမှာက မုတ်ဆိတ်ကို ခဏခဏ မရိတ်ပါနဲ့။ သန့်ရှင်းအောင် ထားပြီး သာမန်ထက် ရှည်အောင် အနည်းဆုံး ၁ လလောက် မရိတ်ဘဲ ထားပါ။ မုတ်ဆိတ်မွေး ရှည်လာတာနဲ့အမျှ မပေါက်ဘဲ ကျန်နေတဲ့ မုတ်ဆိတ်မွေး ငုတ်စိလေးတွေ ပိုမိုဖွံ့ဖြိုး ရှည်လျားလာပြီး ဖြည်းဖြည်းချင်း ညီလာပါလိမ့်မယ်။

ဒီတော့ မုတ်ဆိတ်မွေး အညီမပေါက်မချင်း စိတ်ရှည်ပါ။ မုတ်ဆိတ်ရိတ်ဒါး မသုံးခင်မှာ သင့်မုတ်ဆိတ်မွေး ပေါက်တဲ့ ပုံစံကိုပါ ကြည့်လို့ ရမှာ ဖြစ်ပါတယ်။ တစ်လလောက် ကြာရင် မုတ်ဆိတ်မွေးလည်း အပေါက်ညီသွားပြီ ဖြစ်လို့ အဲ့ဒီအချိန်ရောက်မှ ကိုယ်လိုသလို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပုံဖော်နိုင်ပါတယ်။

(၂) မုတ်ဆိတ်မွေး ထိန်းသိမ်းပါ

Photo: ToolsofMan

နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ ကျန်းမာသန်စွမ်းအောင် ထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ မပေါက်ဘဲ ကျန်နေတဲ့ အမွေးအမျှင်တွေ ကျန်းမာပြီး ရှည်လျား သန်စွမ်းလာမှာပါ။ အရည်အသွေးမြင့် မုတ်ဆိတ်မွေးလျှော်တဲ့ ရှန်ပူသုံးပါ။ မုတ်ဆိတ်ကို လျှော်ခြင်းဟာ အညစ်အကြေးတွေ ၊ ဆဲလ်သေတွေကို ဖယ်ရှား သန့်ရှင်းပေးပြီး မုတ်ဆိတ်မွေးကို ပျော့ပျောင်း နူးညံ့စေပါတယ်။

ပြီးရင်တော့ မုတ်ဆိတ်လိမ်းဆီ သုံးပြီး သန်စွမ်းအောင် ပြုပြင်ရမှာပါ။ မုတ်ဆိတ်ကို ဘရပ်ချ်ငယ်သုံးပြီး အောက်ကို ညင်ညင်သာသာ ပွတ်တိုက်ဆွဲချပေးဖို့ လိုပါတယ်။

(၃) အစားအသောက် ဂရုစိုက်ပါ

Photo: Freepik

ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်ပုံစံကလည်း ဆံပင်နဲ့ အမွေးအမှင်တွေ သန်စွမ်း ထူထဲကျန်းမာစေပါတယ်။ သင်စားလိုက်တဲ့ အစားအစာတွေထဲမှာ ပဲသီး ၊ ဥအမျိုးမျိုး ၊ ချောကလက် ၊ နွားနို့ နဲ့ ထောပတ်လိုမျိုး ဘိုင်အိုတင်းမြင့်တဲ့ အစားအစာတွေ ပါပါစေ။ ဒီအစားအစာတွေဟာ ဆံပင်ကြီးထွားသန်စွမ်းစေပြီး ဆံသားအိတ်တွေကို အားဖြည့်ပေးပါတယ်။ မျက်နှာပေါ်က အမွေးအမှင်တွေ ဆုံံးရှုံးမှုက ကာကွယ်ဖို့ နေကြာစေ့ ၊ အမဲသား ၊ မှိုနဲ့ ငါး စတဲ့ နိုင်ယာစင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးရမှာပါ။

(၄) အနားယူပါ / လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo: Freepik

အစားအသောက်နဲ့ အနေအထိုင်ကနေ မုတ်ဆိတ်မွေးသန်စွမ်းအောင် ပြုပြင်ဖို့လိုပါတယ်။ ညဘက် အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှုနည်းအောင် လူရောစိတ်ပါ အနားယူတဲ့ အကျင့်လုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ‌ဆေးလိပ်သောက်ခြင်းက ရှောင်ကြဉ်ပါ။ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာကို ကျွန်တော်တို့ အများပဲ သိကြပါတယ်။ ဒီတော့ စိတ်ဖိစီးမှု လျှော့ချခြင်းအားဖြင့် မုတ်ဆိတ်/ဆံပင်မကျွတ်အောင် ကာကွယ်ဖို့ လိုပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ သွေးတွင်း အောက်ဆီဂျင်ပိုမြင့်ပြီး ဆံပင်နဲ့ အ‌ရေပြားအတွက် လိုအပ်တဲ့ အဟာရတွေကို သွေးတွင်းကနေ သယ်ယူပို့ဆောင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ ကျန်းမာတဲ့ လူနေမှု ပုံစံရှိမယ် ၊ အာဟာရပြည့်တဲ့ အစားအစာတွေလည်း စားပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်း လုပ်မယ်ဆိုရင် ဆံပင်/မုတ်ဆိတ်ကျန်းမာရေး ပိုကောငး်ာလာပါလိမ့်မယ်။ ဆေးလိပ်သောက်သုံးတာနဲ့ မုတ်ဆိတ်လိမ်းတဲ့ အဆီတွေမှာ အမွေးအမှင်တွေ ခြောက်သွေ့စေတဲ့ အယ်လ်ကိုဟောပါ ရေမွှေးတွေ သုံးတာမျိုး ရှောင်မယ်ဆိုရင်လည်း မုတ်ဆိတ်တွေ ပိုသန်စွမ်းလာမှာပါ။