ဆံပင်ကောင်းကောင်းကို ယောင်္ကျား/မိန်းမ မရွေး သဘောကျကြပါတယ်။ အမျိုးသမီးတွေအတွက်ဆိုရင် ဆံပင်ဟာ ကောင်းခြင်းငါးဖြာထဲက ကျက်သရေဆောင်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဆံသားကျန်းမာရေး အားနည်းတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု ၊ လေထုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ မမှန်ကန်တဲ့ စားသောက်မှု ပုံစံ ၊ လွဲမှားတဲ့ လူနေမှုပုံစံ နဲ့ ဆံပင်ထိန်းသိမ်းမှု အားနည်းခြင်း စတဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်။ ဆံပင်ကို အထူးတလည် ဂရုစိုက် (Intensive Care) စရာမလိုဘဲ သဘာဝအတိုင်း ကျန်းမာသန်စွမ်းအောင် လုပ်လို့ရပါတယ်။
(၁) မျှမျှတတစားပါ
Photo: Unsplash
နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ အဆီဓါတ် ၊ အသားဓါတ် ၊ ကာဗွန်ဟိုက်ဒရိတ် နဲ့ သတ္ထုဓါတ်တွေ ပါတယ်ဆိုရင် ဆံပင်အတွက် စိတ်ချရပါတယ်။ ကြက်ဥလိုမျိုး အစားအစာဟာ ပရိုတင်းနဲ့ ဘိုင်အိုတင်းဓါတ် ကြွယ်ဝလို့ ဆံပင်သန်စွမ်းပြီး ပျက်စီးမှုက ကာကွယ်ပေးနိုင်ပါတယ်။
ဗိုက်တာမင်စီပေါကြွယ်ဝတဲ့ ဘယ်ရီသီးတွေ ၊ ထောပတ်လိုမျိုး ဗိုက်တာမင်အီး ပေါများတဲ့ အစားအစာတွေကလည်း ဆံပင်ကျန်းမာရေးအတွက် အခရာကျတဲ့ အာဟာရဓါတ်တွေ ဖြစ်ပါတယ်။
(၂) ရေဓါတ်ဖြည့်ပါ
Photo: thoughtco
ဆံပင်ဟာ ရေနဲ့ ပရိုတိန်းတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဆံသားရဲ့ လေးပုံတစ်ပုံဟာ ရေပါပဲ။ သစ်ပင်တွေ ရှင်သန်ဖို့ ရေလိုသလိုမျိုး ဆံပင်တွေ သန်စွမ်းကျန်းမာဖို့လည်း ရေလိုပါတယ်။ တစ်နေ့ကို ရေအနည်းဆုံး ၂ လီတာကနေ ၃ လီတာ သောက်သုံးပေးခြင်းအားဖြင့် ဆံပင်ပါးတာ ထိပ်ပြောင်တာကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှုနည်းအောင်နေ
Photo: Freepik
ယောဂ ကျင့်တာ ၊ တရားအားထုတ်တာတွေ ပုံမှန်လုပ်မယ်ဆိုရင် စိတ်ဖိစီးမှုနည်းပါတယ်။ ဆံပင်ကျွတ်သူတွေဟာ များသောအားဖြင့် စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ဖိစီးမှု မြင့်မားသူတွေ ဖြစ်တတ်ပါတယ်။ ယောဂနဲ့ တရားထိုင်ခြင်းကတော့ သွေးလှည့်ပတ်မှုကို အားပေးလို့ ဆံသားတွေထဲ အောက်ဆီဂျင် ပိုရောက်ပြီး စိတ်ဖိစီးမှုလည်း လျော့ပါးစေပါတယ်။
(၄) အိပ်ရေးဝဝ အိပ်ပေးပါ
Photo: Unsplash
အိပ်စက်ခြင်းဟာ အခမဲ့ကျန်းမာရေး စောင့်ရှောက်နေခြင်းပဲ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဟာ ကိုယ်ခံအားစနစ် အားနည်းခြင်း ၊ အသားအရေနဲ့ ဆံသား ပျက်စီးခြင်းများ ဖြစ်နေနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မှုကတော့ ဆံပင်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပရိုတိန်းပေါင်းစပ်မှု ဖြစ်စဉ်ကို အားပေးပါတယ်။
(၅) သဘာဝခေါင်းလိမ်းဆီ သုံးပါ
Photo: Pexels
အုန်းဆီ ၊ သံလွန်ဆီ စတဲ့ ခေါင်းလိမ်းဆီတွေနဲ့ ဆံပင်ကို တစ်ကြိမ်မှာ မိနစ် ၃၀ နှုန်းနဲ့ ရေချိုးပြီးတိုင်း တစ်ပတ်နှစ်ကြိမ် လိမ်းပြီး နှိပ်ပေးသင့်ပါတယ်။ Hair Mask အုပ်တာကလည်း ဆံပင်အရှည်မြန်ပြီး ဦးရေပြား သွေးလှည်ပတ်မှု ကောင်းစေပါတယ်။
အပြင်ထွက်ချိန်မှာလည်း အနီအောက်ရောင်ခြည် ၊ အပူနဲ့ ဖုန်တွေကို ကာကွယ်ပေးနိုင်တဲ့ Hair Serum တစ်မျိုး လိမ်းသွားသင့်ပါတယ်။ Hair Serum တွေဟာ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေပြီး တောက်ပလာစေနိုင်ပါတယ်။ နောက်တစ်ခုက ဆံပင်ကို ခေါင်းဖြီးရာမှာလည်း ခေါင်းဖြီးအကျဲနဲ့ပဲ ညင်ညင်သာသာ ဖြီးလိမ်းပေးဖို့လိုပါတယ်။