အားလုံးပဲ မင်္ဂလာပါ။ အင်တာဗျူးဖြေတဲ့အခါ ဘယ်လိုအရာတွေကို ကြိုတင်ပြင်ဆင်ထားသင့်သလဲဆိုတဲ့ အချက် (၅) ချက်ကို ပထမပိုင်းမှာ ရေးသားဖော်ပြထားပြီးခဲ့ပါပြီ။ အခုတစ်ခါမှာလည်း အင်တာဗျူးဖြေမယ့်သူတွေ လိုက်နာသင့်တဲ့အချက်လေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

သပ်သပ်ရပ်ရပ် ဝတ်စားသွားပါ။

Source: Gettyimages.com

တခြားအချိန်တွေမှာ သင် ဘယ်လိုပုံစံမျိုးနဲ့ ဝတ်စားဆင်ယင်နေလဲဆိုတာကို ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပမယ့် အင်တာဗျူးဖြေဆိုနေတဲ့အချိန်မှာတော့ သင့်ကို အင်တာဗျူးမေးတဲ့သူတွေက အကဲခတ်နေမှာပါ။ သင့်ရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ခြင်းအားဖြင့် သင်က အလုပ်ကို ဘယ်လိုကိုင်တွယ်လုပ်ကိုင်မလဲဆိုတာကို ဆုံးဖြတ်ကြပါလိမ်မယ်။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးလိမ်းသွားပြီး တွန့်ကြေမနေဘဲ မီးပူတိုက်ထားတဲ့အင်္ကျီတွေကို ဝတ်ဆင်ခြင်းအားဖြင့် မိမိအဆင့်အတန်းကို မြှင့်တင်ဖို့လိုပါလိမ့်မယ်။

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အနံ့ပြင်းတဲ့ အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

Source: Shutterstock.com

အင်တာဗျူးဖြေဆိုခါနီးမှာ စီးကရက် သောက်ခြင်း၊ အနံ့ပြင်းတဲ့ ကော်ဖီသောက်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သင့်ခံတွင်းနံ့ကိုတော့ သင်ပြန်ရမှာမဟုတ်ပေမယ့် အင်တာဗျူးမေးမယ့်သူတွေက သင့်ပါးစပ်ကနေ အနံ့တထောင်းထောင်းရမှာကိုတော့ နှစ်သက်ကြမှာမဟုတ်ပါဘူး။

အင်တာဗျူးဖြေဆိုရန် နောက်ကျခြင်း၊ အချိန်ကွက်တိမှရောက်ရှိခြင်းကို ရှောင်ကြဉ်ပါ။

Source: Careeraddict.com

အနည်းဆုံး ၁၅ မိနစ်စောရောက်နေပါစေ။ ရန်ကုန်ရဲ့ ကားလမ်းအခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ ၂၄ နာရီပိတ်နေတာပါ။ ဒါ့ကြောင့် အိမ်ကနေ အစောဆုံးသာ ထွက်လာခဲ့ပါ။ နာရီဝက်လောက်ကြိုရောက်နေတာက တစ်မိနစ်လောက်နောက်ကျတာထက် ပိုကောင်းပါတယ်။

စိတ်ကို ဖြေလျော့ထားပါ။

Source: Career.assumption.edu

သင့်အတွက် ဒီအလုပ်မရလို့လည်း ကမ္ဘာကြီးက ပျက်သုဉ်းမသွားပါဘူး။ တချို့လူတွေက ဒီအင်တာဗျူးက သူတို့အတွက် တစ်ခုတည်းသောနဲ့ နောက်ဆုံးအခွင့်အရေးလို့ မှတ်ယူပြီး ကိုယ့်ကိုယ်ကို ဖိအားတွန်းအားတွေ ပေးတော့တာပါပဲ။ အလုပ်ရဖို့ကတော့ အရေးကြီးတာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဖိအားပေးလိုက်မယ်ဆို အရမ်းစိတ်လှုပ်ရှားပြီး အမှားတွေပြုလုပ်မိပါလိမ့်မယ်။ စိတ်အေးအေးထားပြီး မိမိအရည်အချင်းကို ယုံကြည်ပါ။ ဒါဆိုရင် ရလဒ်ကောင်းတွေ ရရှိလာပါလိမ့်မယ်။

ခေါင်းဆောင်တစ်ယောက်လို ကျင့်ကြံပြုမူပါ။

Source: Entrepreneur.com

ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားမလား၊ နောက်လိုက်ကောင်းဘဝမှာပဲ ရောင့်ရဲတင်းတိမ်မလားဆိုတာကို သင်ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဘာမှပြန်မပြောဘဲ ခိုင်းသမျှကိုကုန်ရုန်းလုပ်နေခြင်းက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ချိုးနှိမ်ပစ်ရာရောက်ပါလိမ့်မယ်။ အဲ့ဒီလိုပဲ အင်တာဗျူးမေးသူနဲ့ အမြဲတမ်းစိတ်သဘောထားတိုက်ဆိုင်နေစရာမလိုဘဲ ကိုယ်မသိနားမလည်တဲ့အရာ၊ နှစ်သက်သဘောကျမှုမရှိတဲ့အရာတွေကိုလည်း ငြင်းဆန်တတ်ဖို့ သင်ယူရပါမယ်။

မိမိဘဝမှာ အောင်မြင်နေတဲ့သူတစ်ယောက်ပုံစံဖမ်းပါ။

Source: Freepik.com

သင်က အင်တာဗျူးဖြေနေတဲ့အချိန်မှာ အလုပ်လက်မဲ့တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးဖြေတဲ့အခါ အလုပ်အကိုင်မရှိလို့ မျှော်လင့်ချက်မဲ့နေတဲ့ပုံစံ မပေါ်လွင်ပါစေနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိပါ။ စွမ်းအင်အပြည့်နဲ့ တက်တက်ကြွကြွနေပါ။ ဘယ်လိုမှ ကြိုးစားလို့မရဘူး။ စိတ်ဓာတ်က ကျမြဲကျဆဲဖြစ်နေတယ်ဆိုရင် အင်တာဗျူးဖြေဖို့တစ်ရက်အလိုမှာ စွန့်စားရတဲ့ဂိမ်းတစ်ခု၊ ဥပမာ လေထီးအမြင့်ခုန်လိုမျိုး စွန့်စားမှုပါဝင်တဲ့အရာတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ကြည့်ပါ။ ဒါကတော့ ဖြတ်လမ်းနည်းနဲ့ မိမိကိုယ်ကိုယုံကြည်ချက်တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။