အလုပ်သစ် ရသွားပြီလို့ ကိုယ့်ကိုယ်ကိုယ် မြင်ကြည့်လိုက်ပါ။ နေရာသစ်မှာ အလုပ်အကိုင်သစ်နဲ့ နေ့သစ်တွေ စပြီး ဖွင့်လှစ်တော့မယ့် လူတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားစရာတွေက ရှေ့မှာ တစ်ပုံကြီး။
အလုပ်ပြောင်းသွားပြီ ဆိုတော့ နေ့စဉ် အချိန်ဇယားကလည်း အရင်နဲ့ တူတော့မှာ မဟုတ်ပါဘူး။ အလုပ်သစ်ဝင်တော့မယ့် Fresher လေးတစ်ယောက်အနေနဲ့ အလုပ်နဲ့ အသားကျဖို့ အလုပ်ဝင်တဲ့ ပထမတစ်ပတ်မှာ ဒါလေးတွေ လုပ်ထားဖို့ အကြံပေးချင်ပါတယ်။

(၁) အချိန်ဇယားဆွဲပါ

Photo: Freepik

အလုပ်သွားမယ့် အချိန် ၊ သွားမယ့် နေရာနဲ့ ကိုယ့်ရဲ့ နေ့စဉ် အချိန်ဇယားကို ချိန်ညှိရတော့မှာပါ။ ကိုယ်ဘယ်အချိန် အိပ်ရာထပြီး မနက်စာ ပြင်ရမလဲ ဆိုတာကနေ အချိန်ရရင် ရသလောက် ‌နေ့အလိုက် ဝတ်မယ့် ဖက်ရှင်ပါ စဉ်းစားနိုင်ရင် အကောင်းဆုံး ပါပဲ။ နေ့တိုင်း Plan ချနိုင်မှာ မဟုတ်လို့ ကိုယ့်အတွက် အဆင်ပြေဆုံး အချိန်ဇယားလေး ဆွဲထားရင် နိစ္စဒူဝကိစ္စတွေ ချောမွေ့အဆင်ပြေသွားမှာပါ။

(၂) အလုပ်သွားမယ့် လမ်းကြောင်းကို အရင်စမ်းသပ်ထားပါ

Photo: Freepik

သင့်ရဲ့ရုံးသစ်ကို နေ့တိုင်း တက္ကစီစီးပြီး သွားမှာမှ မဟုတ်တာ။ ဒီတော့ ဘယ်ဘတ်စ်ကားတွေနဲ့ စီးရင် ရုံးကို ရောက်နိုင်မလဲ။ မနက်ဘယ်အချိန်ထွက်ရင် ရုံးကို ဘယ်အချိန် ရောက်နိုင်သလဲ စတဲ့ အချက်တွေကို တကယ် ကွင်းဆင်းလေ့လာဖို့ လိုပါတယ်။ သေချာအောင် အရင်ဆုံး ကိုယ်တိုင်စမ်း စီးကြည့်ဖို့ပါပဲ။

(၃) ရုံးကို ယူသွားမယ့် ပစ္စည်းတွေ စီစဉ်ထားပါ

Photo: Freepik

ရုံးတက်တဲ့ ပထမဆုံးနေ့ ၊ ပထမဆုံး တစ်ပတ်အတွက် လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ပစ္စည်းပစ္စယတွေကို ရုံးတက်ချိန် သယ်သွားမယ့် အိတ်ထဲ တစ်ခါတည်း ထည့်ထားသင့်ပါတယ်။ ဒါမှသာ ရုံးသွားမယ့် မနက်မှာ ပစ္စည်းတွေ မေ့ကျန်နေတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။ တကယ်လို့ အခုလို COVID-19 ကာလမို့ အိမ်ကနေ အလုပ်လုပ်နေရတယ်ဆိုရင်လည်း အင်တာနက် လိုင်းကောင်းမကောင်းနဲ့ ကိုယ့်ကွန်ပျူတာရဲ့ Web Camera ကောင်းမကောင်း ဆိုတာမျိုး စစ်ဆေးထားသင့်ပါတယ်။

(၄) ကုမ္ပဏီအကြောင်း လေ့လာထားပါ

Photo: Freepik

ကိုယ်အလုပ်ဝင်မယ့် ကုမ္ပဏီအကြောင်း သိထားခြင်းက အားသာချက်တွေ အများကြီး ရှိပါတယ်။ အဖွဲ့အစည်းရဲ့ Mission နဲ့ကိုယ်က စိတ်ထဲမှာ ရင်းနှီးပြီး ဖြစ်စေနိုင်ပါတယ်။ အခုခေတ်မှာ ကုမ္ပဏီတိုင်းလိုလို ဝက်ဘ်ဆိုက်ရှိတာကြောင့် ဝက်ဘ်ဆိုက်ကနေလည်း ကုမ္ပဏီအကြောင်း လေ့လာနိုင်သလို လူမှုကွန်ရက်တွေပေါ်ကနေလည်း အချက်အလက်တွေ သိနိုင်ပါတယ်။
ကိုယ်လုပ်မယ့် ကုမ္ပဏီမှာ အသိသူငယ်ချင်းတစ်ယောက်ယောက် အလုပ်ဝင်နေတယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။အလုပ်မဝင်ခင်မှာ သူငယ်ချင်းနဲ့ ကော်ဖီဆိုင်ထိုင်ပြီး ကုမ္ပဏီအကြောင််း တီးခေါက်ကြည့်လို့ ရနိုင်လို့ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အလုပ်စဝင်တဲ့ နေ့မှာ ကုမ္ပဏီနဲ့ စိမ်းနေမှာ မဟုတ်သလို အသိမိတ်ဆွေတွေလည်း ရဖို့ မြန်မှာ ဖြစ်ပါတယ်။