အမျိုးသားအများစုအတွက်ကတော့ အေးမြတဲ့အရသာနဲ့ ဘီယာတစ်ခွက်ကို လက်လွှတ်ဖို့ဆိုတာ တကယ်ကိုမှ ခက်ခဲတဲ့အလုပ်ပါ။ တစ်နေကုန်ပင်ပန်းလာသမျှကို ဘီယာလေးတစ်ခွက်သောက်ပြီး ဖြေဖျောက်ကြချိန်မှာ ကိုယ့်ရဲ့ဗိုက်ကိုတော့ တစ်ချက်ငုံ့ကြည့်ဖို့အတွက် သတိလည်းရမှာမဟုတ်ပါဘူး။ တစ်ခွက်မှ နှစ်ခွက်၊ နှစ်ခွက်မှ သုံးခွက် တဖြည်းဖြည်းတိုးလာရာကနေ သင့်ရဲ့ဝမ်းဗိုက်မှာ အဆီတွေကလည်း တိုးသထက်တိုးလာနေပါတယ်။

ဘီယာတွေမှာ ကယ်လိုရီအများအပြားပါဝင်ရုံသာမက ထိုဘီယာနဲ့အတူ တွဲဖက်စားသုံမိတဲ့ အစားအစာတွေကလည်း သင့်ရဲ့ခန္ဓာကိုယ်အသွင်အပြင်ကို ဖျက်ဆီးပစ်နေပါတယ်။ သောက်စားနေတုန်းကတော့ ဘာမှသတိရမှာမဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဗိုက်ကလေးကလည်း တဖြည်းဖြည်းနဲ့ ပူပူလာနေပြီ။ အချို့လူတွေက ဒီလိုဗိုက်ပူတာဟာ အသက်အရွယ်ကြောင့်လို့ လွှဲချလေ့ရှိပေမယ့် တကယ်တမ်းတော့ သင်ပြုလုပ်နေတဲ့ အလေ့အထတွေနဲ့ သင့်ရဲ့လူနေမှုပုံစံတွေပေါ်မှာ မူတည်နေပါတယ်။

ဘီယာဗိုက်ကို မြန်မြန်ပျောက်စေပြီး ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အောက်ဖော်ပြပါ စည်းမျဉ်းလေးတွေကို လိုက်နာပေးလိုက်ပါ။

၁။ အိပ်ရေးဝအောင် အိပ်ပါ

လိုက်နာကျင့်သုံးဖို့အတွက် အလွယ်ကူဆုံး စည်းမျဉ်းတစ်ခုဖြစ်ပြီး အိပ်ရေးပျက်ခြင်းက ကိုယ်အလေးချိန်တက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ ညဖက်တွေမှာ တော်ရုံနဲ့မအိပ်တာတွေက ကိုယ်အလေးချိန်တက်စေနိုင်တဲ့ အစားအစာတွေကို စားမိစေပြီး မူးနောက်နောက်ဖြစ်ခြင်းကြောင့် လေ့ကျင့်ခန်းကိုလည်း မလုပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။

၂။ ချင့်ချိန်ပြီး စားသုံးပါ

ဒီလိုလုပ်ဖို့က မလွယ်ကူဘူးဆိုတာမှန်ပေမယ့် ကိုယ်အလေးချိန်တက်လာတာနဲ့အမျှ ကိုယ်တောင်သတိမထားလိုက်မိဘဲ အစားအများကြီး စားသုံးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်စားသုံးလိုက်တဲ့ အစားအစာမှာ ကယ်လိုရီပါဝင်မှု ဘယ်လောက်ရှိလဲဆိုတာကို သေချာတွက်ချက်ပြီးမှ ဂရုတစိုက်နဲ့ စားသုံးပေးပါ။

၃။ ချွေးထွက်အောင်လုပ်ပါ

ကိုယ်အလေးချိန်တက်ရခြင်းဟာ ကယ်လိုရီတွေလွန်ကဲခြင်းကြောင့် ဖြစ်နိုင်သည့်အတွက် ထိုကယ်လိုရီတွေကို လောင်ကျွမ်းအောင်ပြုလုပ်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုနေပါပြီ။ လေ့ကျင့်ခန်းလုပ်တာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမယ့်လည်း ကြိုးစားပြီးလုပ်ကြည့်ပါ။ ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းက အဆီတွေကို လောင်ကျွမ်းစေတာဖြစ်သည့်အတွက် လှုပ်လှုပ်ရှားရှားနေပေးပါ။

၎။ ကိုယ်နေဟန်ထားကို ပြုပြင်ပါ

ခါးကုန်းခြင်း၊ ခါးကိုင်းခြင်းတို့က ဗိုက်မှာအဆီတွေကို ပိုမိုစုဝေးစေပြီး အခေါက်တွေကို ဖြစ်ပေါ်လာစေနိုင်ပြီး ဗိုက်ကိုပိုပူစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာတည်းမှာ အကြာကြီးထိုင်တာမျိုးကို ရှောင်ရှားပြီး မိနစ် ၂၀ လောက် လှုပ်လှုပ်ရှားရှားနေပေးပါ။

၅။ စိတ်တိုင်းကျ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ

သူငယ်ချင်းတွေနဲ့ တစ်ရက်တစ်လေလောက် အပြင်သွားလာခြင်းဖြင့် အစားအသောက်တွေကို အများအပြားစားမိစေနိုင်ကာ ကယ်လိုရီတွေကိုလည်း တက်လာစေနိုင်ပါတယ်။ ကိုယ်တစ်ခုခု ကောင်းတာလုပ်မိလိုက်လို့ စိတ်ပျော်တဲ့အတွက် ဘီယာ သို့မဟုတ် ကယ်လိုရီများတဲ့ အစားအစာတွေကို သောက်စားခြင်းမပြုလုပ်ဘဲ ကိုယ်ဝါသနာပါရာ တစ်ခုခုကိုပြုလုပ်လိုက်ပါ။

၆။ ဘီယာနေရာမှာ တစ်ခုခုကို အစားထိုးပါ

အကယ်လို့ သင်ဟာ Diet လုပ်ဖို့ကို ခက်ခဲတယ်လို့ ယူဆနေရင်တော့ ကော်ဖီ၊ ချောကလက်တို့လို ကိုယ်နှစ်သက်ရာ အရည်တစ်မျိုးမျိုးကို ဘီယာနေရာမှာ အစားထိုးပြီး သောက်သုံးပေးပါ။

၇။ လမ်းများများလျှောက်ပါ

အဆီတွေကို လောင်ကျွမ်းစေဖို့အတွက် အစားအသောက်တစ်ခုတည်းကိုပဲ အားကိုးလို့ရမှာမဟုတ်တာကြောင့် မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိစေဖို့အတွက် လှုပ်လှုပ်ရှားရှားနေပါ။ တစ်နေ့လုံး တစ်နေရာတည်းမှာ ထိုင်နေခြင်းက ကျန်းမာရေးအတွက်လည်း မကောင်းတာကြောင့် ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ လောက် အနားယူပြီး လမ်းလျှောက်ပေးပါ။

အိမ်ရောက်တဲ့အခါမှာလည်း ဆိုဖာ၊ ခုံတွေပေါ်မှာ အချိန်ပြည့်လှဲလျောင်းနေခြင်းမလုပ်ဘဲ အိမ်အလုပ်လေးတွေကို လုပ်ကိုင်ပေးပါ။

၈။ ပရိုတင်းဓာတ်နှင့် ဟင်းသီးဟင်းရွက်တို့ကို များများသုံးစွဲပါ

ပရိုတင်းပါဝင်တဲ့ အစားအသောက်များနှင့် ဟင်းသီးဟင်းရွက်တို့ကို များများစားပေးခြင်းက ကယ်လိုရီအများအပြားပါဝင်တဲ့ သရေစာများစားသောက်မိခြင်းမှ ဟန့်တားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်အတွက်သာမက အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါသေးတယ်။

၉။ ရေခဲသေတ္တာကို ရှင်းလင်းပါ

ရေခဲသေတ္တာထဲမှာ အစားအသောက်တွေရှိနေရင် တစ်ခုပြီးတစ်ခု စားချင်နေစိတ်ကို ဖြစ်ပေါ်စေနိုင်တာကြောင့် မလိုအပ်တဲ့ အစားအစာတွေကို ဖယ်ရှားပစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ထားရှိပေးပါ။

Credit: Fashionbeans.com