ကျွန်တော်တို့ရဲ့ အချိန်အများစုဟာ နှမျောစရာကောင်းလောက်အောင် ပြုန်းတီးကုန်ဆုံးသွားကြတယ်ဆိုတာ ဝန်ခံရမှာပါ။ လူမှုကွန်ရက်တွေ ၊ ဖျော်ဖြေရေးတွေနဲ့ ဘာမှ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း မကျန်ရစ်ခဲ့တဲ့ အရာတွေနောက် လိုက်ပြီး တိုးတက်ရေးမှာ အချိန်ပေးဖို့ လိုအပ်ချက်တွေ ရှိခဲ့ကြပါတယ်။ တကယ်လို့ တစ်နေ့မှာ ၁ နာရီပဲ အချိန်ပေးရုံနဲ့ တိုးတက်အောင်မြင်ပြီး ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာမယ်ဆိုရင် စိတ်ဝင်စားမယ် ထင်ပါတယ်။

တိုးတက်ခြင်းဆိုရာမှာ စိတ်ခံစားမှုပိုင်း ချမ်းသာခြင်းနဲ့ ဘဝလမ်းကြောင်းတွေ ခိုင်မာစေဖို့လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ၁ နာရီကို အခုပြောမယ့် အချက်တွေလုပ်ဖို့ ပုံမှန်အသုံးချဖြစ်တယ်ဆိုရင် တစ်နေ့ထက်တစ်နေ့ ပိုရင့်ကျက်ပြည့်ဝသူ ဖြစ်လာမှာပါ။

(၁) တရားထိုင်ပါ

Photo: medicalnewstoday

တစ်နေ့ တစ်နာရီ တရားထိုင်ဖြစ်တယ်ဆိုရင် အတော်ကြီးကို ဟုတ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဘဝမှာ အောင်မြင်မှုကို တာရှည်ရရှိခံစားနေသူတွေဟာ ကြုံလာတဲ့ စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့နဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး တိုးမြှင့်ဖို့ တရားထိုင်ခြင်းကို ပုံမှန်လုပ်ကြတယ်လို့ ဆိုပါတယ်။တရားထိုင်ခြင်းကို နေရာတိုင်းမှာ လုပ်နိုင်ပါတယ်။ တိတ်ဆိတ်ပြီး စိတ်စုစည်းလို့ ကောင်းတဲ့ နေရာမှာ နည်းနည်းလေး အချိန်ပေးလိုက်ရုံပါပဲ။

(၂) လူမှုကွန်ရက် အသုံးလျှော့ပြီး စာပိုဖတ်ပါ

Photo: Freepik

တစ်နာရီ စာဖတ်ခြင်းရဲ့ အကျိုးကို အထင်သေးလို့ မရပါဘူး။ အားလပ်ချိန်ရတာနဲ့ စာအုပ်တစ်အုပ် ဖတ်ပြီး ဗဟုသုတရှာမှီးမယ်ဆိုရင် တစ်နှစ်နှစ်နှစ်အတွင်းမှာ ပညာတတ်လို့ ဆိုရလောက်အောင် အသိပညာဉာဏ်မြင့်မားသူ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ စာမဖတ်အားရင် စာဖတ်ဖြစ်သူနဲ့ ဆွေးနွေးတာကလည်း အကြံကောင်းတစ်ခု ပါပဲ။

(၃) ဟောပြောပွဲတွေ နားထောင်ပါ

Photo: The Ladders

လက်ထဲမှာ ဖုန်းပဲ ပါလာပြီး စာဖတ်ဖို့ အဆင်မပြေရင် TED Talk နားထောင်ဖို့ အကြံပေးချင်ပါတယ်။ TED Talk ဆိုတာ Technology , Entertainment နဲ့ Design ဆိုတဲ့ စကားလုံးတွေရဲ့ ရှေ့ဆုံးအတိုကောက် စကားလုံးတွေကို ပြောတာ ဖြစ်ပြီး ဒီဆွေးနွေးပွဲတွေဟာ အများဆုံးမှ ၁၈ မိနစ်ပဲ ကြာပါတယ်။ ထူးခြားတာက ကမ္ယာ့ထိပ်တန်းအောင်မြင်သူတွေနဲ့ ပညာရှင်တွေ ဟောပြောကြတဲ့ ပွဲ ဖြစ်လို့ သင့်အနေနဲ့ ပညာတွေ တနင့်တပိုးကြီး ရမှာ သေချာပါပဲ။

(၄) သင့်စီမံကိန်းအတွက် အသုံးချပါ

Photo: Freepik

တစ်နေ့ တစ်နာရီဆိုတာ နှစ်ပေါင်းများစွာ ကြာမြင့်မယ့် သင့်ပရောဂျက်အဆောက်အဦကြီးတစ်ခုကို တတိတိနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ သင့်မှာ Passion တစ်ခု ခု (ဥပမာ- စာတစ်အုပ်ရေးချင်တာ ၊ ပန်းချီတစ်ချပ်ဆွဲချင်တာ ၊ ပညာသစ်တစ်ခု သင်ချင်တာ) ရှိရင် အဲ့ဒီအတွက် တစ်နေ့ ၁ နာရီပဲ သုံးကြည့်ပါ။ အလုပ်တွေ များလွန်းလို့ မအားဘူးဆိုရင်တောင် သင့်မှာ ၁ နာရီတော့ ပိုင်ဆိုင်မှာ ဖြစ်လို့ အဲဒီ ၁ နာရီကိုပဲ တိုးတက်ရေးအတွက် လက်နက်လို သုံးသွားရင် အချိန်ကြာလေ ထူးခြားလေ ဖြစ်မှာပါ။

(၅) သင့်ကိုယ်သင် တည်ဆောက်ပါ

Photo: Freepik

ဒီနေရာမှာ ရုပ်ပိုင်း ကျန်းမာရေးအတွက် တစ်နေ့ ၁ နာရီ အားကစားလုပ်တာ ၊ အလုပ်အကိုင်တိုးတက်ရေးအတွက် သင့် CV နဲ့ LinkedIn အကောင့်ကို ပိုကောင်းအောင် ပြုပြင်နေတာ အကုန်လုံး ပါဝင်ပါတယ်။ နောက်ဆုံး သင့်ကိုယ်သင် ယုံကြည်မှုပိုရှိလာအောင် ၊ လူတွေနဲ့ ပိုပြီး ပြောရဲဆိုရဲ ဆက်ဆံရဲလာအောင် ဒါမှမဟုတ် မိတ်ဆွေကောင်းတွေ ပိုရအောင်ပါ အသုံးချလို့ ရပါတယ်။အ‌ရေးကြီးတာက ရည်ရွယ်ချက်မရှိတဲ့ အချိန် ၁ နာရီ မဖြစ်ဖို့ပါပဲ။ ဒီလိုသာ နေ့စဉ်နေ့တိုင်းမှာ ၁ နာရီကို တိုးတက်ရေးမှာ အသုံးချသွားရင် နောက် ၃-၄ နှစ်အတွင်းမှာ ကိုယ်ကိုယ်တိုင် မယုံရဲလောက်အောင် မြင့်မားတဲ့ တစ်နေရာမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့ရပါလိမ့်မယ်။