တစ်နေ့လုံး လှုပ်ရှားရုန်းကန်နေရင်းနဲ့ ပင်ပန်းနွမ်းနယ်တာမျိုးတွေ ဖြစ်လာရင် ဘယ်လိုဖြေရှင်းပါသလဲ။ စွမ်းအားအပြည့်ပြန်ရဖို့ ဘာတွေ လုပ်ပါသလဲ။ အခုပြောမယ့် နည်းလမ်းတွေဟာ လူတိုင်းအလွယ်တကူ လုပ်နိုင်တဲ့ အိမ်တွင်းနည်းလမ်းတွေ ဖြစ်ပြီး တကယ်လည်း ထိရောက်တာကြောင့် စွမ်းအင်လယ်ဗယ်ကျချိန်မှာ စမ်းကြည့်သင့်ပါတယ်။

(၁) အိပ်ရာထချိန် မှန်ပါစေ

Photo: Freepik

မနက်တိုင်း ပုံမှန်အချိန် ထပါ။ ပိုစောရင် ပိုကောင်းပါတယ်။ ပုံမှန်ထတဲ့ အချိန်ထက် ၁၅ မိနစ်ပိုစောပြီး ထနိုင်အောင် သင့်နှိုးစက်မှာ Alarm ပေးထားသင့်ပါတယ်။ ဒီနည်းနဲ့ ၆ ပတ်လောက် ဆက်တိုက်လုပ်သွားနိုင်ရင် အလေ့အကျင့်လည်း ဖြစ်သွားမယ်။ လူလည်း ပိုပြီး လုပ်နိုင်စွမ်းတွေ တက်လာတာ တွေ့ရပါလိမ့်မယ်။

(၂) ရေသောက်နှုန်း မြင့်ပါစေ

Photo: Freepik

တစ်နေ့ အနည်းဆုံး ‌ရေ ၂ လီတာတော့ သောက်ဖြစ်အောင် သောက်ပါ။ ရာသီဥတုပေါ် လိုက်ပြီး ရေပိုသောက်သင့်ပါတယ်။ ခန္ဓာကိုယ် အလေးချိန် ၁ ကီလိုဂရမ်မှာ ရေ၃၀ကနေ ၃၅ မီလီလီတာအထိ သောက်သုံးပေးသင့်ပါတယ်။

(၃) အားကစားလုပ်ဖို့ အချိန်ပေးပါ

Photo: Freepik

ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်တာဟာ လူကို သွက်လက်လန်းဆန်းစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ညနေပိုင်း ရွရွပြေး လေ့ကျင့်ခန်းကနေ Gym ရုံသွားပြီး အလေးမတာအထိ အားကစားလေ့ကျင့်ခန်းတွေဟာ စိတ်နဲ့ ကိုယ်ခန္ဓာစွမ်းအင်နိုးကြားစေပြီး တက်ကြွရွှင်လန်းစေပါတယ်။

(၄) အာဟာရချိန်ညှိပါ

Photo: Freepik

စွမ်းအင်ကို ကြာကြာထိန်းနိုင်ဖို့ဆိုရင် ကာဗွန်ဟိုက်ဒရိတ် ၊ ပရိုတိန်းနဲ့ အမျှင်ဓါတ်ပါတာတွေ စားသုံးသင့်ပါတယ်။ အစေ့အဆံ ၊ အခွံမာအသီးနဲ့ ငှက်ပျော ၊ ဘယ်ရီတို့လို အသီးတွေဟာ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့ အကောင်းဆုံး အစားအစာတွေ ဖြစ်ပါတယ်။

(၅) အနားယူမှု မှန်အောင်လုပ်ပါ

Photo: Freepik

မပင်ပန်းခင် အရင်နားပါ။ အားပြည့်အင်ပြည့် အလုပ်လုပ်မယ့်သူဟာ သူ့ကိုယ်သူ ခြေကုန်လက်ပန်းကျသွားအောင်အထိ မခိုင်းသင့်ပါဘူး။ ဘယ်အချိန်မှာ နားရမလဲ သိပါစေ။ နားနေချိန်မှာ အပြည့်အဝနားပါ။ စိတ်ကို ဖြေလျှော့ထားပြီး ဖုန်းတစ်လုံး အားသွင်းထားသလို ကိုယ့်ရဲ့ စွမ်းအင်ကို ငြိမ်ငြိမ်လေး မွေးယူနေဖို့ လိုပါတယ်။