သင့်မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ စိတ်မရှိတော့ရင် သင်ရပ်နေတဲ့ မြေကြီးတောင် တစစီ ပြိုပျက်လိုက်လာတယ်လို့ ခံစားလာရမှာပါ။ Self-Worth မရှိတဲ့ လူတစ်ယောက်ဟာ အမြစ်မရှိတော့တဲ့ သစ်တစ်ပင်နဲ့ တူပါတယ်။ လောကဓံနဲ့ ကိုယ်ဆက်ဆံတဲ့ ပတ်ဝန်းကျင်က လှိုင်းတွေ လေတွေအကြားမှာ လဲပြိုသွားနိုင်ပါတယ်။

Self-Worth ဆိုတာ သင့်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ စရိုက်ကောင်း အကျင့်ကောင်းတွေကို ယုံကြည်လေးစားတဲ့ စိတ်အထာပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်မှာ ရှိပြီးသား ပင်ကိုယ် အရှိတရားနဲ့ ကိုယ်ဖန်တီးနိုင်တဲ့ စွမ်းဆောင်မှုတွေပေါ် ကိုးစားတဲ့ စိတ်ဖြစ်ပြီး သင့်ရဲ့ ပင်ကိုယ်သဘောထားလည်း ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတဲ့ စိတ်ကို မြှင့်တင်ခြင်းဟာ ယုံကြည်မှု မြှင့်တင်ရာရောက်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူဟာ ဘဝပြဿနာတွေကို နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်ပါတယ်။ Self-Worth ကို မြှင့်တင်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

(၁) တလွဲယုံနေတာတွေကို ရင်ဆိုင်လိုက်ပါ

Photo: Unsplash

အတွေးဟာ သင့်ရဲ့ ပင်ကိုယ်သဘောထားပေါ် အကြီးအကျယ် လွှမ်းမိုးပါတယ်။ ယုတ္တိမရှိတဲ့ အတွေးတွေနဲ့ ဖိစီးနေသူဟာ သူ့ကိုယ်သူ တန်ဖိုးထားတဲ့ ပုံစံပါ တစ်နည်းနည်းနဲ့ ဖျက်ဆီးရာရောက်ပါတယ်။

ကိုယ်မှာ မရှိဘူးလို့ ထင်တဲ့ အရည်အချင်းတွေ နဲ့ အဲဒီအထင်တွေကို သေသေချာချာ ကြည့်ပါ။ ဒီလိုမျိုး ယုံရတဲ့ သက်သေ ကိုယ့်မှာ ရှိနေသလား။ ဒီအတွေးကို မတူတဲ့ တစ်နေရာကနေ ပြောင်းလဲပစ်ရင်ရော ဘယ်လို ဖြစ်လာမလဲ။ ဆန်းစစ်ပါ။

(၂) တစ်ခြားသူတွေနဲ့ လိုက်ပြီး မနှိုင်းယှဉ်ပါနဲ့

Photo: seattledivorceservices

နှိုင်းယှဉ်တမ်း ကစားနည်းဟာ အကောင်းချည်းတော့ မဟုတ်ဘူး။ နှိုင်းယှဉ်ခြင်းဟာ တိုးတက်တယ်လို့ အမြဲမှတ်လို့ မရပါဘူး။ လူမှုကွန်ရက်မီဒီယာခေတ်မှာ တစ်ခြားသူတွေနဲ့ အပြိုင် တုပနှိုင်းယှဉ်တာဟာ Self-Worth အတွက် အဆိပ်အတောက် ဖြစ်ပါတယ်။

ဖြစ်သင့်တာက သင့်ရဲ့ ကိုယ်ပိုင်အား ၊ အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေပေါ် အာရုံစိုက်ပြီး တစ်ခြားသူတွေပေါ် မှီခိုမှုကနေ နည်းနိုင်သမျှ နည်းအောင် နေထိုင်ဖို့ပါပဲ။

(၃) ကိုယ်ပိုင်ကိုယ်တိုင် ဖြစ်ပါစေ

Photo:Pexels

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကိုယ့်ရဲ့ အတွေးအမြင်ကောင်း ၊ အယူအဆကောင်းတွေ ထိန်းသိမ်းပါ။ ကိုယ့်ဖြစ်တည်မှုကို လေးစားလက်ခံခြင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ဖြစ်ပါတယ်။ သင်ဟာ တစ်ခြားသူနဲ့ မတူတဲ့သူပါ။

မတူ ထူးခြားခြင်းဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေး ဖြစ်ပါတယ်။ ဘယ်သူမှတော့ ပြစ်မျိုး မှဲ့မထင် ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ အရှိတရားကို လက်ခံပါ။ ကိုယ့်ပင်ကိုယ်သဘောကနေ သွေဖယ်ပြီး တစ်ခြားသူတစ်ယောက်လို ဟန်ဆောင်မယ်ရင် ဘယ်တော့မှ ကိုယ်ပိုင်ပုံရိပ်ကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

(၄) ကိုယ့်ကိုယ်ကို ပြုပြုပြင်ပြင် နေပါ

Photo: Freepik

ရုပ်ရော စိတ်ရော ပြုပြင်ပါ။ လူဟာ ကိုယ့်ကိုယ်ကို ပျိုးထောင်ပြုစုရင်းနဲ့ပဲ ပိုမိုကောင်းမွန်တိုးတက်တဲ့ လူတစ်ယောက် ဖြစ်လာတာပါ။ ကိုယ့်ကိုယ်ကို Self-care လုပ်ပြီး စောင့်ရှောက်ခြင်းဟာ ရင်းနှီးမြှပ်နှံမှုလုပ်နေတာ ဖြစ်ပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ရေးထားတဲ့ စာတစ်အုပ် ဖတ်တာ ၊ သင်ချင်တဲ့ ဘာသာရပ်တစ်ခု သင်ယူတာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကာယလေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေဟာ အလကား မဖြစ်ပါဘူး။

Self-Care လုပ်ခြင်းဟာ သင့်အတွေးကို ပိုပြီး အာရုံစိုက်ပြီး သင့်ကိုယ်သူ မြှင့်နေတာလည်း ဖြစ်ပါတယ်။ ရည်မှန်းချက် သေးသေးလေးတွေ တစ်ခုပြီးတစ်ခု ချမှတ်သွားရင်း ၊ ပန်းတိုင်ငယ်တွေကိုတစ်ခုပြီး တစ်ခု အရောက်သွားရင်းနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်ဟာ ပိုပြီး ထက်သန် ခိုင်မာလာမှာပါ။