COVID-19 ဟာ ဒီနေ့ ကမ္ဘာရဲ့ ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ မတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းအထိ Worldometers ကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၉၉၃၀၉ ဦး နဲ့ သေဆုံးသူ ၇၉၉၄ ဦး အထိ ရှိနေပါတယ်။
အခုဆို ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၆၇ နေရာမှာ ကူးစက်ပြန့်ပွားနေတာဖြစ်လို့ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နဲ့ ဒီဗိုင်းရပ်စ်ကနေ ကာကွယ်ဖို့က အရေးကြီးဆုံးအဆင့် ရောက်နေပါတယ်။ COVID-19 နဲ့ တစ်ခြား ဗိုင်းရပ်စ်တွေကနေ မကူးစက်အောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆိုရင် အခုပြောမယ့်အချက်တွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။
(၁) မကြာခဏ လက်ဆေးပါ
Photo: The Week
Hand Hygiene (လက်သန့်စင်ခြင်း) အကျင့်ဟာ ဗိုင်းရပ်စ်ကနေ သင့်ကိုယ်သင် ကာကွယ်ဖို့ အခြေခံအကျဆုံးနဲ့ အကောင်းဆုံး ပုံစံ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗိုင်းရပ်စ်နဲ့ အနုဇီဝပိုးတွေဟာ သက်ရှိတွေရဲ့ မျက်နှာပြင်ပေါ်မှာ ရှင်သန်နေထိုင်ရတာကို သဘောကျပြီး လူတစ်ဦးနဲ့ တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းဟာ ဗိုင်းရပ်စ်တွေ အလွယ်တကူ ပြန့်အောင် လုပ်လိုက်သလို ဖြစ်စေပါတယ်။
CDC လို့ခေါ်တဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကတော့ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးကြောဖို့ တိုက်တွန်းထားပြီး ဆပ်ပြာနဲ့ ရေမလွယ်ကူရင် အယ်လ်ကိုဟောပမာဏ အနည်းဆုံး ၆၀% ပါဝင်တဲ့ လက်ဆေးရည် နဲ့ ဆေးကြောနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်မှာ ညစ်ပတ်နေတာကို မြင်နေရရင်တော့ ရေနဲ့ ဆပ်ပြာကို သုံးတာ အကောင်းဆုံးပါပဲ။
(၂) ချောင်းဆိုး/နှာချေနေချိန်မှာ ပါးစပ်အုပ်ထားပါ
Photo: WCCN
COVID-19 ဟာ အသက်ရှုလမ်းကြောင်းမှာ ဖြစ်ပွားတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါထဲမှာ ပါပါတယ်။ ဒါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးသတိရှိခြင်းဟာ အကောင်းဆုံး အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ ချောင်းဆိုးနှာချေချိန်မှာ တစ်သျှူးနဲ့ အုပ်တာမျိုး ၊ တံတောင်နဲ့ ကာတာမျိုး လုပ်ခြင်းအားဖြင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေ ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
အပြင်သွားချိန်မှာလည်း ပါးစပ်နှာခေါင်းစည်း Mask လေး ဆောင်သွားမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချနိုင်မှာပါ။
(၃) တစ်ခြားသူတွေနဲ့ ခပ်ခွာခွာနေပါ
Photo: ctvnews
ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုအတွင်းမှာ လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားဖို့ လိုပါတယ် ။တကယ်လို့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ဗိုင်းရပ်စ် မကူးနိုင်အောင် သင်နဲ့ တစ်ခြားသူတွေအကြားမှာ ၁ မီတာ (၃ ပေ) အနည်းဆုံး ခပ်ခွာခွာနေဖို့ အကြံပေးချင်ပါတယ်။
(၄) မျက်စိ ၊ နှာခေါင်းနဲ့ ပါးစပ်တွေ မထိဖြစ်အောင် ရှောင်ပါ
Photo: fethiyetimes
လူတွေဟာ ကိုယ့်ဘာသာ သတိမထားမိဘဲ မျက်နှာကို လက်နဲ့ ခဏခဏ ပွတ်သပ်မိတတ်ကြပါတယ်။ လက်ဟာ အရာဝတ္ထုပေါင်းစုံကို ထိတွေ့ထားတာ ဖြစ်လို့ ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာဖို့ ပိုလွယ်တတ်ပါတယ်။ ဒီတော့ လက်နဲ့ မျက်နှာကို ပွတ်ခြင်းဟာ ပိုးတွေကို အသက်ရှုလမ်းကြောင်းထဲ ထည့်လိုက်သလို ဖြစ်တတ်ပါတယ်။
(၅) ရောဂါလက္ခဏာပြပါက ဆေးရုံဆေးခန်းသွားပါ
Photo: integrisok
တကယ်လို့ သင့်မှာ အဖျားရှိပြီး ချောင်းလည်း ဆိုးနေတယ် ၊ အသက်ရှုဖို့လည်း ခက်နေတယ်ဆိုရင် အချိန်မဆိုင်းဘဲ ဆေးစစ်ခြင်း ၊ ကုသမှုခံယူခြင်းများ လုပ်ဆောင်သင့်ပါတယ်။ COVID-19 ဟာ ကူးစက်တိုင်း သေတဲ့ ရောဂါမဟုတ်ပါဘူး။ ကူးစက်ခံရသူ ၂ သိန်းနီးပါးမှာ ပြန်ကောင်းလာသူ ၈၂၇၉၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
အမြန်ကုသမှု ခံယူခြင်းဟာ ထိရောက်တဲ့ ကာကွယ်ရေးဖြစ်သလို ပြန်သက်သာဖို့လည်း အခွင့်အလမ်းပိုများစေပါတယ်။