မျက်စိအဆုံး နားအရှုံး ဆိုတဲ့ စကားရှိပါတယ်။ မျက်စိမကောင်းရင် ဒုက္ခအကြီးအကျယ်ရောက်ရတယ်ဆိုတာကို မြင်သာအောင် ပြောတဲ့ စကားပုံ ဖြစ်ပါတယ်။ တစ်သက်လုံး သုံးမယ့် မျက်စိအမြင်အာရုံကို ကျန်းမာစေဖို့ဆိုတာ အလွန်ပဲ အရေးကြီးပါတယ်။ အခုပြောမယ့် နည်းလမ်းလေးတွေက မျက်စိကျန်းမာရေးကို အထောက်အကူပေးမှာပါ။

(၁) ကောင်းကောင်းစားပါ

Photo: Freepik

မျက်လုံးကျန်းမာဖို့အတွက် နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ အိုမီဂါ ဖက်တီးသရီးအက်ဆစ် ၊ လူတိန်းဓါတ် ၊ ဇင့် ၊ ဗိုက်တာမင်စီနဲ့ အီးတွေ ပါဝင်ဖို့ လိုပါတယ်။ အစားအသောက်အနေနဲ့ ဟင်နုနွယ်အရွက်လိုမျိုး အစိမ်းရောင် အရွက်များ ၊ ဆယ်လ်မွန် ၊ တူနာ နဲ့ အဆီများတဲ့ ငါးများ ၊ ကြက်ဥ ၊ အခွံမာသီး ၊ ပဲနဲ့ ပရိုတိန်းပြည့်ဝတဲ့ အစားအစာများ ၊ လိမ္မော်လိုမျိုး အချဉ်ဓါတ်ပါတဲ့ အရည်ရွှမ်း သစ်သီးများ ရွေးချယ်စားသောက်ပေးသင့်ပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ

Photo: Feepik

မျှတပြီး ကျန်းမာတဲ့ အစားအသောက်ဟာ ခန္ဓာကိုယ်အလေးချိန် ညီညွတ်မှန်ကန်စေပါတယ်။ ဒီလိုပါပဲ။ ဆေးလိပ်သောက်ခြင်းလို ကျန်းမာရေးနဲ့ မညီတဲ့ လူနေမှုပုံစံကြောင့်လည်း အာရုံကြောတွေ ထိခိုက်ပျက်စီးစေနိုင်သလို မျက်လုံးကြွက်သားတွေ အားနည်းလာစေနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ရောဂါကြီးတွေလည်း ဝင်နိုင်လို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။

(၃) နေကာမျက်မှန် တပ်ပါ

Photo: Freepik

အပြင်သွားတိုင်း နေရောင်ခြည်ကနေ ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် Ultraviolet rays တွေ မထိအောင် နေကာမျက်မှန်တပ်ဆင်သင့်ပါတယ်။ UV နဲ့ ထိတွေ့မှု များခြင်းဟာ မျက်လုံးကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ နေကာမျက်မှန် ဝယ်မယ်ဆိုရင် UVA နဲ့ UVB rays တွေကို ၉၉% ကနေ ၁၀၀% အထိ ဟန့်တားနိုင်မယ့် မျက်မှန်မျိုး ရွေးချယ်သင့်ပါတယ်။ ဂဟေဆက်တဲ့ လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရတယ်ဆိုရင် Safety မျက်မှန်တပ်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။

(၄) Screen တွေ အကြည့်လျှော့ပါ

Photo: Freepik

ကွန်ပျူတာနဲ့ စမတ်ဖုန်း Screen တွေကို အကြာကြီး ကြည့်မယ်ဆိုရင် မျက်ရိုးကိုက်ပြီး အမြင်အာရုံဝေဝါးလာနိုင်ပါတယ်။ မျက်စိခြောက်သွေ့ပြီး အဝေးမှုန်လာနိုင်ပါတယ်။ လည်ပင်း ၊ နောက်ကျောနဲ့ ပုခုံးကြွက်သားတွေ နာကျင်လာနိုင်ပြီး မကြာခဏ ခေါင်းကိုက်တဲ့ ဒဏ်ကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ကွန်ပျူတာနဲ့ အလုပ်လုပ်သူတွေဟာ မိနစ် ၂၀ နာရီဝက်တစ်ခါ Screen ရှေ့က ခွာတာမျိုး လုပ်သင့်သလို စမတ်ဖုန်းသုံးစွဲမှုကိုလည်း မဖြစ်မနေ လျှော့ချဖို့တိုက်တွန်းချင်ပါတယ်။