အလွယ်ပြောရရင် လူကြီးဆန်တဲ့စိတ်ဆိုတာ ရင့်ကျက်သွားတဲ့ စိတ်နေစိတ်ထားကို ပြောတာပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ် ၊ ယုံကြည်မှုရှိပြီး ပြဿနာတွေကို ရှောင်လွှဲခြင်းမပြုဘဲ ရင်ဆိုင်ရဲတဲ့စိတ် ၊ ကိုယ့်ကိုယ်ကိုယ် တစ်နေ့ထက် တစ်နေ့ ပိုပြီး အမှားနည်းအောင် နေတတ်လာတဲ့စိတ်မျိုး ဖြစ်ပါတယ်။ လူကြီးဆန်တဲ့စိတ် ဖြစ်လာတဲ့ ပုံစံက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

တချို့က စာကောင်းပေမွန်တွေ ဖတ်ရှုလာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်တည်ဆောက်လာရာကနေ ရင့်ကျက်သွားတတ်ပါတယ်။ တချို့က လောကဓံမုန်တိုင်းတွေအကြား အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းတဲ့ အတွေ့အကြုံတွေကနေ လူကြီးဆန်တဲ့စိတ် မွေးတတ်သွားကြပါတယ်။ တချို့တွေကျတော့လည်း မိဘဆရာသမားရဲ့ အဆုံးအမကောင်းတွေ ကြားနာမှတ်သားရင်းနဲ့ အထက်တန်းကျတဲ့စိတ်နေသဘောထားကို လက်ကိုင်ထားဖြစ်ကြပါတယ်။

Photo: Freepik

တကယ်တော့ လူကြီးဆန်တဲ့ စိတ်ဆိုတာ သင်ယူပြုပြင်ရတဲ့စိတ်သဘောထားတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်တွေးတဲ့အတွေးကနေ ကိုယ်သုံးတဲ့ စကားလုံးနဲ့ အမူအယာတွေက အစ ယဉ်ကျေးပြီး လူကြီးဆန်အောင် ပြုပြင်နိုင်ပါတယ်။ ဒါကြောင့် လူကြီးဆန်တဲ့စိတ် ဖြစ်အောင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့အတွေး တွေးအောင် ၊ ပိုပြီး ယဉ်ကျေးတဲ့ အသုံးအနှုန်းနဲ့ ပြောထွက်အောင် ပိုပြီး မျှတမှန်ကန်တဲ့လုပ်ရပ်တွေ လုပ်အောင် နေမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါ။

လူကြီးဆန်တဲ့စိတ်မှာ ပြိုင်ပွဲဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်နေရင်း ပိုသာတယ်လို့ ခံစားရမှ ကျေနပ်တာမျိုးဟာ လူကြီးဆန်တဲ့စိတ်မျိုး မဟုတ်ပါဘူး။ လူကြီးဆန်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် ပိုသိအောင် လုပ်တာ ၊ ပိုကောင်းအောင် ပြင်တာနဲ့ ပိုမြင့်မြတ်လေးစားအောင် နေထိုင်တာပဲ ဖြစ်ပါတယ်။ ဘယ်သူ့ထက် ပိုမြင့်အောင် ခုန်နိုင်သလဲဆိုတဲ့ အမြင့်ခုန်ပြိုင်ပွဲမျိုး မဟုတ်ပါဘူး။

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ပြန်လေးစားမိမယ့် အလုပ်လုပ်တာဟာ လူကြီးဆန်တဲ့စိတ် မွေးတာပဲ ဖြစ်ပါတယ်။ ကိုယ့်အားနည်းချက်တွေကို ပြုပြင်တာ ၊ ကိုယ့်ကိုယ်ကိုယ် တစ်နေ့ပြီး တစ်နေ့ ပိုပိုကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်အောင် နေထိုင်တာဟာ လူကြီးစိတ်ရှိတဲ့သူတွေ အလုပ်ပါပဲ။ ဒါကြောင့်ပဲ လူကြီးစိတ် ရှိလာတဲ့အခါ ဘာကို တန်ဖိုးထားရမလဲဆိုတာ ပိုပြီး အနှစ်ကျကျ တွေးတတ်လာပါတယ်။

ကိုယ့်လုပ်ရပ်တိုင်းကို ပိုပြီး တာဝန်ယူမှုရှိရှိ ဂရုစိုက်မိတတ်လာပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတဲ့ ကိုယ့်အဖြစ်ကို ပြန်တွေးမိတိုင်း ကျေနပ်ရတာလည်း လူကြီးစိတ်ရဲ့ အရသာပဲ ဖြစ်ပါတယ်။