လူကြီးလူကောင်းဖြစ်ဖို့ဆိုတာ တစ်သက်လုံး ကိစ္စပါ။ ဒါပေမယ့်လည်း ကိုယ့်ကို မြင်လိုက်တာနဲ့ လေးစားလောက်တဲ့လူဖြစ်တဲ့ပုံ ပေါက်ဖို့အတွက် အများကြီး လုပ်စရာမလိုပါဘူး။

(၁) သပ်သပ်ရပ်ရပ် ဝတ်စားပါ

Photo: ManofMany

အဝတ်အစားကို ကြည့်ပြီးလည်း လူတွေက သင့်ကို ဈေးနှုန်း ဖြတ်တတ်ပါတယ်။ အဲ့လိုပြောလို့ အနောက်တိုင်းဝတ်စုံပဲ ဝတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရှပ်လက်ရှည်ဝတ်ရင် ဘောင်းဘီထဲထည့်ဝတ်တာ ၊ Shoes ကောင်းကောင်းစီးတာ နဲ့ အဝတ်အစားကို သေချာ လျှော်ဖွပ် မီးပူထိုးပြီးမှ ဝတ်တာမျိုးကို ပြောတာ ဖြစ်ပါတယ်။ ဒီလောက်ဆို သင့်ရဲ့ အပြင်ပန်းကို ကြည့်ပြီး လူတွေရဲ့ အထင်အမြင်က နည်းနည်းလေးစားစရာ ဖြစ်သွားနိုင်ပါတယ်။

(၂) တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိပါ

Photo: Freepik

အဝတ်အစားတော့ ကောင်းကောင်းဝတ်ပြီး ချွေးနံ့တွေ နံနေတယ်။ သွားတွေ ဝါနေတယ်။ ခံတွင်းအနံ့က ဆိုးနေတယ်ဆိုရင်လည်း မဖြစ်သေးပါဘူး။ မော်ဒယ်တစ်ယောက်လို ရေမွှေးနံ့တထောင်းထောင်း ဆွတ်စရာမလိုသလို မိတ်ကပ်တွေ လိမ်းစရာ မလိုပါဘူး။ ခန္ဓာကိုယ်အနံ့အသက်ကောင်းပြီး လူအများအကြား သွားလာချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေရင် အဆင်ပြေပါတယ်။

(၃) အပြုအမူ

Photo: Freepik

လူကြီးလူကောင်းတစ်ယောက်လို့ ထင်စေရတဲ့ အရာတွေထဲမှာ အရေးကြီးဆုံးက သင့်ရဲ့ ပြုမူဆက်ဆံပုံပဲ ဖြစ်ပါတယ်။ လူကြီးလူကောင်းဆိုတာ အားနွဲ့သူကို ဦးစားပေးတတ်သူ ၊ စိတ်ဓါတ်ကြံ့ခိုင်ပြီး လူ့ကျင့်ဝတ်တရားကို အလေးထားတတ်သူပါ။ ရိုးဖြောင့်ပြီး သဘောထားမှန်မှန် ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်။
ကိုယ့်ကို လူကြီးလူကောင်းတစ်ယောက်လို မြင်စေချင်ရင် ရိုးသားမှုနဲ့ ဆက်ဆံပါ။ စကားပြောဆိုရာမှာ အေးဆေး ကြည်လင်တဲ့ လေယူလေသိမ်းနဲ့ ဘမ်းစကားတွေ မပါဘဲပြောပါ။ တစ်ခြားသူတွေအတွက် စဉ်းစားပေးတဲ့ အလေ့အကျင့်နဲ့ နေပါ။ ဒီလောက်ဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းအဖြစ် တစ်ဆင့်ပြီး တစ်ဆင့် ထုဆစ်တည်‌ဆောက်နေတာ ဖြစ်ပါတယ်။