လူမှုကွန်ရက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကြားရတဲ့ သတင်းတွေက အကောင်းသိပ်မရှိတော့ အားလုံးရဲ့ စိတ်ထဲမှာ ညစ်ညူးမှောင်မိုက်စရာပဲ မြင်နေတော့မှာပါ။ ဇွန်လ ၁ ရက်နေ့အထိ လူပေါင်း ၆.၃၈ သန်းကျော် ကူးစက်ခံရပြီး သေဆုံးသူ ၃ သိန်း ၇ သောင်းကျော် ရှိလာတဲ့ COVID-19 ရောဂါကြောင့် လူတိုင်းဟာ စီးပွားရေး ၊ လူမှုရေးကအစ အကြပ်တွေ့နေကြပါတယ်။
ဒီလို ခက်ခဲတဲ့ ကပ်ဘေးကာလမှာ ပစ်မထားသင့်တာက သင့်ရဲ့ ကိုယ်စိတ်နှစ်ပါး အေးချမ်းရေးပါ။ စိတ်ဖိစီးစရာကောင်းတဲ့ အခုကာလမှာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာအောင် နေနိုင်ဖို့ဆို ဒီအချက်လေးတွေ ပုံမှန် လိုက်နာသင့်ပါတယ်။
(၁) စိတ်ညစ်စရာတွေ ကင်းအောင်နေပါ
Photo: Freepik
တစ်နေ့လုံး တောက်လျှောက် အိမ်မှာပဲ နေရတယ်ဆိုရင် တီဗွီချန်နယ်ရှေ့မှာ ထိုင်ပြီး တစ်နေ့လုံး သတင်းကြည့်မိတာမျိုး လုပ်မိနိုင်ပါတယ်။ ဒါမှမဟုတ် လူမှုကွန်ရက်ပေါ်က ကိုရိုနာဗိုင်းရပ်စ်သတင်းတွေအကြောင်း ဝင်ဖတ်နေမိဖို့ များပါတယ်။ နေ့တိုင်းတက်လာတဲ့ ရောဂါအကြောင်း သတင်းနဲ့ ကူးစက်သေဆုံးနှုန်းတွေ ကြည့်ရတာ ဘာမှ အကျိုးမရှိတဲ့အပြင် စိတ်ပိုင်းဆိုင်ရာပဲ ပိုထိခိုက်နိုင်ပါတယ်။
စိတ်ကို အေးချမ်းအောင်နေပါ။ စိတ်ညစ်စရာ လူမှုကွန်ရက်ပေါ်က News Feed တွေ မကြည့်ပါနဲ့။ ဘာသာရေးအရလည်း အေးချမ်းအောင် နေတဲ့ နည်းတွေ ရှိလို့ စိတ်ချမ်းမြေ့စေအောင် ထားပါ။ ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေကိုလည်း မေတ္တာထားပြီး ကြင်ကြင်နာနာဆက်ဆံပါ။ အိမ်မှာနေရင်းလည်း WHO နဲ့ CDC တို့လို တရားဝင်ကျန်းမာရေးဌာနတွေက အကြံပြုထားတဲ့အတိုင်း လိုက်နာပေးသင့်ပါတယ်။
(၂) ပျော်စရာလေးတွေ ရှာလုပ်နေပါ
Photo: Freepik
ဟာသရုပ်ရှင်တွေနဲ့ ကာတွန်းကားတွေ ကြည့်ပေးတာဟာ စိတ်သက်သာရာရပြီး ပေါ့ပါးစေပါတယ်။ ဝမ်းနည်းစရာ နဲ့ ဒရာမာရုပ်ရှင်ကားတွေ ကြည့်မယ့်အစား စွန့်စားခန်း နဲ့ ပျော်စရာ ရုပ်ရှင်တွေ ကြည့်တာက ဒီကာလကို လွယ်လင့်တကူ ဖြတ်သန်းနိုင်ဖို့ ခွန်အား ရစေမှာပါ။
အိမ်ထဲက အပြင် ထွက်စရာမလိုတဲ့ ဝါသနာ ကိုယ့်မှာ ရှိရင်လည်း အဲ့ဒီဝါသနာကို အကောင်အထည်ဖော်နိုင်ပါတယ်။ စာဖတ်တာ သဘောကျရင်လည်း စာအုပ်တွေဖတ်တာက သင့်ကို အပျင်းလည်း ပြေစေသလို အသိပညာနဲ့ ခံစားမှုရသလည်း ပိုပြီး တိုးတက်လာနိုင်ပါတယ်။
(၃) ချစ်သူခင်သူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့
Photo: Freepik
ကပ်ဘေးကြောင့် အားလုံးအနေဝေးနေပေမယ့် ကိုယ်ချစ်တဲ့သူတွေနဲ့ စိတ်ချင်းမဝေးဖို့က အရေးကြီးပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေဟာ ကိုယ့်ရဲ့ စိတ်ခံတပ်လေးပါ။ အခက်အခဲတွေကို အတူရင်ဆိုင်ပေးမယ့် ရဲဘော်ရဲဘက်တွေဆိုလည်း မမှားပါဘူး။ အခုလို အွန်လိုင်းဆက်သွယ်ရေးစနစ်တွေ တွင်ကျယ်အားကောင်းနေချိန်မှာ အချင်းချင်းဆက်သွယ်ဖို့ဆိုတာ သိပ်ကို လွယ်လွန်းပါတယ်။ ဆက်သွယ်ဖြစ်ဖို့ပဲ လိုပါတယ်။
(၄) အချိန်ကို အကျိုးရှိရှိ အသုံးချပါ
Photo: Freepik
ကပ်ဘေးဟာ သာမန်နေထိုင်မှုပုံစံကို ပြောင်းလဲပစ်လိုက်ပါတယ်။ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ ကစဉ့်ကလျားဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း အခွင့်အလမ်းတွေဟာ အခက်အခဲအယောင်ဆောင်ပြီး လာတတ်ကြတယ်ဆိုတဲ့ စကားအတိုင်း ဒီလိုအကြပ်အတည်းအတွင်းကနေ ကိုယ့်အတွက် အကျိုးကျေးဇူးကြီးတာတွေ ဆွဲထုတ်ယူလို့ရပါတယ်။
အချိန်တွေ ပိုနေလို့ ပညာသစ်တွေ သင်လို့ရပါတယ်။ အေးအေးလူလူ စိတ်ရောလူပါ အနားယူလို့ ရပါတယ်။ အနာဂါတ်အတွက် ကြိုပြီး စဉ်းစားစီမံစရာတွေ စီမံနိုင်မယ်။ မိသားစုနဲ့ အချိန်ပေးပြီး နီးနီးကပ်ကပ် ပိုနေလို့ရမယ်။ ပိုပြီး အရေးကြီးတာတစ်ခုက ဒီလို ဆိုးဝါးတဲ့ ကာလကနေ ဘဝသင်ခန်းစာတွေအထိ ရယူနိုင်တာပဲ ဖြစ်ပါတယ်။