လက်ထဲ ပိုက်ဆံတစ်ပြားမှ မရှိတောင် လူတွေအကြားမှာ Boss လို့ အထင်ခံရသူတွေ ရှိပါလိမ့်မယ်။ သူတို့ကို ကြည့်လိုက်ရင်လည်း အိတ်ကပ်ထဲ ပိုက်ဆံသိပ်ရှိတာ မဟုတ်ပါဘူး။ ဒါဆို သူတို့က ဘာများ ထူးလို့လဲ။ ယေဘုယျအားဖြင့် သူတို့ဟာ ဥပဓိရုပ် သားနားတယ်။ ဝတ်တတ်စားတတ်တယ်။ လူကြားထဲမှာလည်း သွားလာနေထိုင်ရာမှာ ကျော့ကျော့မော့မော့ တင်းတင်းရင်းရင်း။ စမတ်ကျကျ သားသားနားနား နေတတ်တဲ့ အမျိုးသားတစ်ယောက်မှာ များသောအားဖြင့် အခုလို လက္ခဏာတွေ ရှိပါတယ်။

(၁) အဝတ်အစား ဂရုစိုက်တယ်

Photo: Groupon

တန်ဖိုးကြီး Brand တွေ မဟုတ်ဘဲ စတိုင်မိမိ ဝတ်တတ်ကြပါတယ်။ အဝတ်အစားကို ကိုယ်နဲ့ တိုင်းချုပ်ပြီး ကိုယ်ဝတ်တဲ့ အဝတ်အစားကိုလည်း အမြဲသန့်သန့်ရှင်းရှင်း လျှော်ဖွပ်/မီးပူထိုးပြီးမှ ဝတ်တတ်သူတွေပါ။ သူတို့ကို ကြည့်လိုက်ရင် အမြဲတမ်း သန့်သန့်ပြန့်ပြန့် ဖြစ်နေတာကြောင့်ကို လူတွေက သူ့ကို သူဌေးလို့ ထင်ချင်စရာ ဖြစ်နေပါတယ်။

(၂) အသုံးအဆောင်တွေ ဂရုစိုက်တယ်

Photo: menfashionhub

အဝတ်အစားနဲ့ တွဲဖက်ဝတ်စရာ အသုံးအဆောင်တွေကလည်း လူရဲ့ ရုပ်ရည်ကို တန်ဖိုးပြောင်းစေပါတယ်။ ပိုက်ဆံသိပ်ကုန်စရာ မလိုဘဲ ရိုးရှင်းပြီး ပရီမီယံဆန်တဲ့ နာရီမျိုး ၊ လယ်သာပိုက်ဆံအိတ်/လက်ဆွဲအိတ် နဲ့ ခါးပတ်ကောင်းကောင်းလေးတွေ ဝတ်ရင်ကို လူရဲ့ အသွင်အပြင် ချက်ချင်းပြောင်းပါတယ်။ နောက်တစ်ခုက သားသားနားနားနေတတ်သူတွေဟာ သူတို့ စီးတဲ့ ဖိနပ်ကို အရည်အသွေးကောင်းဖို့ အလေးထားတတ်သူတွေပါ။

(၃) တွဲဝတ်တတ်တယ်

Photo: thegentlemansjournal

တစ်ချို့သူတွေက အဝတ်အစားမှာ အမြင်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ကိုယ်ပေါ် ရောက်လိုက်ရင် ကြည့်ကောင်းသွားတယ်ဆိုတာ အလကား မဟုတ်ပါဘူး။ သူတို့ဟာ ဘယ်အဝတ်အစားကို ဘာနဲ့ တွဲဝတ်ရမယ်ဆိုတာ သိပါတယ်။ ဆွယ်တာလည်ခေါက်ကို suit နဲ့ ဝတ်တာ ၊ ပိုလိုရှပ်ကို ဆွယ်တာနဲ့ ဝတ်တာ ဒါမှမဟုတ် ဘလေဇာကုတ်ကို ဂျင်းနက်ပြာဘောင်းဘီနဲ့ တွဲဝတ်တာမျိုးက ကြည့်လိုက်ရင် အဆင့်ရှိတယ် ခံစားရစေပါတယ်။

(၄) တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုပြုတယ်

Photo: Mix

ကိုယ့်ကိုယ်ကို သားနားအောင် နေတတ်သူတွေဟာ ဘယ်တော့မှ ခေါင်းစုတ်ဖွားကြီးနဲ့ အပြင်မထွက်ပါဘူး။ ခံတွင်းကျန်းမာရေး ဂရုစိုက်ပြီး အသားအရေ မပျက်စီးအောင်လည်း ထိန်းသိမ်းကြပါတယ်။ ဆံပင် ၊ မုတ်ဆိတ် ထားရင်းလည်း သပ်သပ်ရပ်ရပ် ထားပါတယ်။ သူတို့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး သူတို့ဘာသာ စိတ်တိုင်းကျအောင် နေလို့ တစ်ခြားသူတွေကပါ သူတို့ဆို Rank တစ်မျိုးထားရပါတယ်။