ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင့်အိမ်ဟာ သင့်အလုပ်ခန်းဖြစ်လာပါပြီ။ Working From Home မှာ သင့်ပုခုံးပေါ်ကနေ သင်အလုပ်လုပ်နေတာကို လာငုံ့ကြည့်မယ့် Boss မရှိတော့ပါဘူး။ ရထားတွေ ဘတ်စ်တွေ စီးပြီး ရုံးသွားစရာမလိုတော့ဘူး။ ဒါပေမယ့် သက်သာသွားတယ်တော့ မထင်ပါနဲ့။ အိမ်ကနေ အလုပ်လုပ်တယ်ဆိုရာမှာလည်း ကိုယ့်လုပ်အားကို ပြနေရတာပါ။

သင့်အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်ဖက်ရည်လေးတောင် ထွက်သောက်ပြီး အလာပသလာပလေးတွေ မပြောရတော့ပါဘူး။ ရုပ်သံအစည်းအဝေးတွေနဲ့ တွေ့ရမယ်။ အီးမေးလ်တွေ ဖုန်းဖြေဆိုမှုတွေ ပိုလုပ်ရပါမယ်။ ပြောရရင် ကောင်းကောင်းနားဖို့တောင် မသေချာတော့ပါဘူး။ ဒီတော့ WFH လုပ်ရင်း သင့်အနားယူချိန်ကို မထိခိုက်စေဖို့ နည်းလမ်းလေးတွေ ရှိထားဖို့ လိုပါတယ်။

(၁) အချိန်နာရီ ညှိထားပါ

Photo: CNN

အလုပ်လုပ်ချိန်က အရင်လို မဟုတ်တော့ပါဘူး။ သင့်အလုပ်ချိန်ဇယားက ပြောင်းသွားပါပြီ။ မနက်ပိုင်းမှာ စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်ပိုလုပ်နိုင်တယ်ဆိုရင် အိပ်ရာစောစောထပြီး အလုပ်လုပ်ပါ။ သင့်အထက်လူကြီးနဲ့လည်း အလုပ်ချိန်ကို တိတိကျကျ ညှိဖို့လိုပါတယ်။ Work From Home ဆိုပြီး ညဘက်သန်းခေါင်ပါ မအိပ်ရအောင် လာခိုင်းရင်တော့ ငြင်းပစ်ပါ။

(၂) အလုပ်ချိန် တိတိကျကျထား လုပ်ပါ

Photo: workbright

ကိုယ့်အတွက် အဆင်ပြေဆုံး Working Hours ရွေးပြီးပြီဆိုတော့ အလုပ်ကို အချိန်အတိအကျနဲ့ လုပ်ဖို့ လိုပါတယ်။ ပျင်းနေလို့ မရပါဘူး။ မနက် ၈ ခွဲမှာ အလုပ်စလုပ်ရမယ်ဆိုရင် အဲဒီအချိန်ရောက်တာနဲ့ အလုပ်စားပွဲမှာ ရှိနေပါစေ။ ဒီလိုပဲ အလုပ်နားရမယ့်အချိန်ကိုလည်း နားဖြစ်အောင် နားဖို့လိုပါတယ်။

(၃) Tea Break ပေးပါ

Photo: iStock

ရုံးအလုပ်တွေမှာတောင် နေ့ခင်းနေ့လယ်တွေမှာ လက်ဖက်ရည်ချိန်ပေးကြသေးတာပဲလေ။ WFH မှာလည်း ကိုယ်နဲ့စိတ်မနွမ်းစေဖို့ ကိုယ့်စိတ်ကို အနားပေးဖို့ လက်ဖက်ရည်တစ်ခွက်ထဖျော်ပြီး အေးအေးဆေးဆေး သောက်သင့်ပါတယ်။ အလုပ်ချိန်ကို လေးစားသလို နားချိန်ကိုလည်း ပုံမှန်သတ်မှတ်ပြီး ယူသင့်ပါတယ်။

(၄) အလုပ်လုပ်တဲ့နေရာနဲ့ နားတဲ့နေရာ ခွဲထားပါ

Photo: Flickr

အလုပ်စားပွဲဆိုတာ ဘာမှမလုပ်ဘဲ ထိုင်နေရင်တောင် စိတ်ဖိစီးနေတတ်တဲ့ အမျိုးပါ။ ပြည့်ပြည့်ဝဝ နားမယ်ဆိုရင် နားဖို့နေရာသက်သက်ထားပြီး သွားနားတာ အမှန်ဆုံးပါပဲ။ နောက်တစ်ခုက အိပ်ရာပေါ်မှာတော့ ဘယ်တော့မှ အလုပ်မလုပ်ပါနဲ။ အလုပ်လည်း လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အလုပ်နေရာကိုလည်း အလုပ်လုပ်ချင်စိတ်ပေါက်အောင် ဖန်တီးထားရမှာပါ။

(၅) အလုပ်ပြီးရင် Noti တွေ ပိတ်ထားပါ

Photo: Freepik

တစ်နေ့တာ လုပ်စရာတွေ ပြီးသွားရင် အလုပ်မေးလ်တွေ မစစ်ပါနဲ့။ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ထမင်းလက်ဆုံစားတာ ၊ ရုပ်ရှင်ကားကောင်းလေးတွေ ကြည့်တာလုပ်ပါ။ စိတ်ကို တစ်ကြိမ်မှာ တစ်ခုထားပြီး ဖြတ်စရာရှိတာကို ဖြတ်ပြီး စိတ်ပိုင်းဖြတ်ခဲ့ပါ။ တာဝန်ကျေခဲ့တဲ့ တစ်နေ့တာအတွက် သင့်ကိုယ်သင် ဆုပေးတဲ့အနေနဲ့ အလုပ်မဟုတ်တဲ့ တကယ့်ဘဝအတွက် အချိန်ပေးလိုက်ပါ။