အသက် (၂၀) ကျော်လာပြီဆိုတော့ ဘွဲ့တွေရပြီးလို့ လုပ်ငန်းခွင်ဝင်ရမယ့်အရွယ်ရောက်နေပါပြီ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုလည်း ငယ်ရွယ်စဉ်တုန်းကလို လူကြီးမိဘတွေကို မေးစရာမလိုဘဲ ကိုယ့်ဘာသာဆုံးဖြတ်ချက်ချရမယ့်အရွယ်ရောက်နေပြီဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ပြုမူနေထိုင်သင့်နေပြီဖြစ်ပါတယ်။

ဒါ့ကြောင့် စာဖတ်သူတို့ရဲ့ (၂၀) ကျော်ဘဝကို တန်ဖိုးရှိရှိကုန်ဆုံးနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ပိုက်ဆံစုဖြစ်အောင် ကြိုးစားပါ။

Source: freepik.com

ငယ်ငယ်က မိဘတွေမုန့်ဖိုးပေးခဲ့လို့ စိတ်ကြိုက်သုံးခဲ့ရပြီဆိုတော့ ဒီတစ်ခါမှာတော့ စုရမယ့်အလှည့်ရောက်ပါပြီ။ ပိုက်ဆံစုတဲ့အလေ့အကျင့်က ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်တာကြောင့် လစဉ်လတိုင်းပိုက်ဆံမှန်မှန်စုပါ။ အများကြီးစုစရာမလိုပါဘူး။ နည်းနည်းချင်းစီစုပေးပါ။ စုထားတဲ့ပိုက်ဆံကိုလည်း ယူမသုံးမိအောင် ကြိုးစားပါ။ တစ်နှစ်လောက်ကြာတဲ့အခါ ပိုက်ဆံအများကြီးစုမိနေပါလိမ့်မယ်။

ရည်မှန်းချက်ကြီးကြီးထားပါ။

Source: freepik.com

အသက် (၂၀) ကျော်ဆိုတဲ့ လူငယ်အရွယ်မှာ ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်ကို မွေးမြူထားပါ။ ကျရှုံးမှာကို ကြောက်ရွံ့မနေဘဲ စွန့်စားလိုစိတ်ရှိပြီး ရည်ရွယ်ချက်ကြီးမားသူတစ်ယောက်ဖြစ်ရပါမယ်။

ဖုန်းသုံးတဲ့အချိန် ကန့်သတ်ထားပါ။

Source: freepik.com

ဆိုရှယ်မီဒီယာတွေက သင့်ရဲ့စိတ်အာရုံကိုထွေပြားစေပြီး အချိန်ကုန်စေတဲ့အပြင် သဘာဝအလှတရားကို မခံစားနိုင်တော့တဲ့သူတစ်ယောက်ဖြစ်စေပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေကို ဂရုမစိုက်နိုင်ဖြစ်စေပါတယ်။ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကို ဖျက်ဆီးနေတာကြောင့် ဖုန်းသုံးပြိး တစ်ခုခုလေ့လာချင်တယ်ဆိုရင်တော့ အကျိုးရှိစေတဲ့အကြောင်းအရာတွေကိုသာ လေ့လာသင်ယူသင့်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးပြုစေတဲ့ အလေ့အကျင့်ကောင်းများ မွေးမြူပါ။

Source: freepik.com

သင့်ခန္ဓာကိုယ်က ကားတစ်စီးနဲ့ အလားသဏ္ဍာန်တူပါတယ်။ ကောင်းကောင်းစားသောက်မယ်၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ လောင်စာတွေကို ကောင်းစွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ကျန်းမာရေးအလေ့အကျင့်များကို မွေးမြူထားခြင်းက သင့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်သလို ကိုယ့်ကိုယ်ကိုလေးစားတန်ဖိုးထားရာလည်း ရောက်ပါတယ်။

အသစ်သောအရာတွေကို အမြဲမပြတ်လေ့လာသင်ယူပါ။

Source: freepik.com

ပညာဆိုတာ ဘယ်အရွယ်ရောက်သွားရင်တော့ သင်ယူတာ ရပ်တန့်လိုက်ရမယ်ဆိုတာမျိုးမရှိပါဘူး။ အသက်ရှင်နေသရွေ့ အချိန်တိုင်းလေ့လာသင်ယူရမှာပါ။ ကိုယ်က ဂီတဝါသနာပါသူတစ်ယောက်ဆိုရင် တူရိယာပစ္စည်းတစ်မျိုးမျိုး တီးခတ်ခြင်းကို သင်ယူပါ။ မိမိစိတ်ဝင်စားတဲ့ ဘာသာစကားတစ်မျိုးမျိုး လေ့လာသင်ယူကြည့်လိုက်ပါ။ တစ်ချိန်ချိန်မှာ သင့်အတွက်အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

သင့်ရဲ့ ကြောက်စိတ်ကို တစ်ပတ်တစ်ကြိမ်ခန့် စိန်ခေါ်ပါ။

Source: freepik.com

သင့်ကို ကြောက်ရွံ့စေတဲ့အရာတစ်ခုခုကို တစ်ပတ်မှာတစ်ကြိမ်ခန့် ပြုလုပ်ပေးခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက် များစွာအရေးပါပါတယ်။ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့သူနဲ့ စကားပြောရမှာကြောက်တယ်ဆိုရင် အရဲစွန့်ပြီးပြောကြည့်ပါ။ သူလည်း လူသားတစ်ယောက်ပဲမို့ ဘာကိုတွေးကြောက်နေမှာလဲ။

အချစ်တစ်ခုတည်းကို ဘဝလို့ မအောက်မေ့ပါနဲ့။

Source: freepik.com

အချစ်နဲ့တွေ့တဲ့အခါ ပျော်ရွှင်ရတဲ့အချိန်လည်းရှိသလို၊ ဝမ်းနည်းပြီး အသည်းကွဲနေတဲ့အချိန်တွေလည်း ရှိမှာပါပဲ။ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်တွေက အထီးကျန်လိုက်တာလို့ မမှတ်ယူဘဲ ကိုယ့်အတွက် တန်ဖိုးရှိဆုံးအချိန်အဖြစ် အလေးထားပါ။ အချစ်က ဘဝရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။