ယောကျာ်းလေးတွေက အသက် (၁၄) နှစ်ကျော်လာတာနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် နှုတ်ခမ်းမွှေးရေးရေးလေးတွေ စတင်ထွက်ရှိလာကြပါပြီ။ ဆယ်ကျော်သက်ဘဝကနေ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးပေါက်နှုန်းကလည်း မြန်ဆန်လာပါတယ်။

တစ်ချို့အမျိုးသားတွေက နှုတ်ခမ်းမွှေးတွေကို အကုန်ပြောင်စင်အောင် ရိတ်တာကို သဘောကျကြပြီး တစ်ချို့ကလည်း နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ထားရတာ သဘောကျကြပါတယ်။ ဒီဆောင်းပါးလေးကတော့ မုတ်ဆိတ်မွှေး အရှည်မြန်တဲ့နည်းလေးတွေ တင်ပေးပါဆိုတဲ့ ကွီးတို့အတွက် ရည်ရွယ်ပြီး ရေးသားပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။

မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး အရှည်မြန်ဖို့ ဘယ်လိုနည်းလမ်းလေးတွေကို ပြုလုပ်ပေးရမလဲ။

မိမိရဲ့ စားသောက်မှုပုံစံကို ဂရုစိုက်ပါ

Source: Shutterstock

ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဖောလစ်အက်စစ်၊ ဇင့်၊ မဂ္ဂနီစီယမ်နဲ့ Omega-3 ဓာတ်တို့က မုတ်ဆိတ်မွှေးများ အရှည်မြန်လာအောင် ကူညီပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပဲဖြစ်ပါတယ်။ ထိုဓာတ်များကို အစေ့အဆံများ၊ အနီရောင်ရှိတဲ့အသားများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးနဲ့သစ်သီးအချို့ စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။

စိတ်ဖိစီးမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ

Source: Shutterstock

ယနေ့ခေတ် လူနေမှုဘဝကလည်း စိတ်ဖိစီးမှုမျိုးစုံနဲ့ ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ လုပ်ငန်းခွင် စိတ်ဖိစီးမှု၊ အချစ်ရေး အဆင်မပြေမှု၊ ပေါင်းသင်းဆက်ဆံရေးနှင့် လူမှုရေးပြဿနာများ စတဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေက ဝင်လာတတ်ပါတယ်။ ထိုစိတ်ဖိစီးမှုများက သင့်ရဲ့မုတ်ဆိတ်မွှေးရှည်နှုန်းကို နှေးကွေးစေပါတယ်။ ဒါ့ကြောင့် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး အရှည်မြန်ချင်တယ်ဆိုရင် အိပ်ချိန်မှန်ဖို့လည်း လိုအပ်သလို သူ့အချိန်နဲ့သူ အလုပ်လုပ်တတ်ဖို့လည်း လိုပါတယ်။

သင့်ရဲ့ မျက်နှာကို တယုတယ ကြည့်ရှုစောင့်ရှောက်ပါ

Source: Shutterstock

မျက်နှာသစ်တဲ့အခါ ရိုးရိုးဆပ်ပြာအတုံးအခဲနဲ့ မသစ်ပါနဲ့တော့။ မိမိအသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုပါ။ မျက်နှာသစ်ပြီးတဲ့အခါမှာလည်း ဗီတာမင် B5 ကြွယ်ဝတဲ့ Moisturizing ခရင်မ်လေး လိမ်းပေးဖို့ မမေ့ပါနဲ့။

နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အလွန်အကျွံ မရိတ်ပစ်လိုက်ပါနဲ့

Source: Shutterstock

တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့ရန်အတွက် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများကို ပုံမှန် ရိတ်သင်ပေးရမယ်ဆိုပေမယ့် မုတ်ဆိတ်မွှေးထားချင်တဲ့သူအနေနဲ့ မိုင်ကုန်ရိတ်ပစ်လို့မရပါဘူး။ မိုင်ကုန်ရိတ်ပစ်လိုက်တဲ့အခါ လုံးဝပြန်မပေါက်တော့တာမျိုးလည်း ဖြစ်နိုင်သလို ပြန်ပေါက်ဖို့ အချိန်အရမ်းကြာသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သင့်ရဲ့ မုတ်ဆိတ်မွှေးကို ချစ်မြတ်နိုးပါ

Source: living.anveya.com

မုတ်ဆိတ်မွှေးအရှည်ထားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာနဲ့ မုတ်ဆိတ်မွှေးအတွက် အချိန်ပေးနိုင်ဖို့လည်း လိုပါတယ်။ နို့မဟုတ်ရင် မုတ်ဆိတ်မွှေးက ဘုတ်သိုက်နဲ့ ကြည့်မကောင်းဘဲ ဖြစ်သွားပါလိမ့်မယ်။ မုတ်ဆိတ်မွှေး အတန်အသင့်ရှည်လာပြီဆိုတာနဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။ ဖြီးလိမ်းသုတ်သင်ပေးပါ။ ညအိပ်ယာဝင်ခါနီးမှာလည်း အုန်းဆီ၊ သံလွင်ဆီ စတဲ့ သဘာဝဆီတစ်မျိုးမျိုး လိမ်းပေးရပါမယ်။

အလေးမလေ့ကျင့်ခန်း ပြုလုပ်ပါ

Source: Shutterstock

မုတ်ဆိတ်မွှေး ရှည်ဖို့အတွက် အားဖြည့်ပေးတဲ့ Testosterone နဲ့ Dihydrotestosterone (DHT) ဟော်မုန်းနှစ်မျိုးက အလေးမတဲ့အချိန်၊ လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ ထွက်ရှိတာကြောင့် မုတ်ဆိတ်မွှေး အရှည်မြန်ချင်တယ်ဆိုရင် အလေးမလေ့ကျင့်ခန်းလေးတွေ များများပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။