တစ်နေ့နဲ့ တစ်နေ့ ပုံစံခွက်တစ်ခုထဲမှာချည်း အသားကျ လှုပ်ရှားနေရတဲ့ ဘဝကြီးက ပျင်းစရာကောင်းသလို အဓိပ္ပါယ်လည်း ကင်းမဲ့ပါတယ်။ အပြောင်းအလဲမရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပြီဆိုရင် ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ပိုပြီး စိတ်ပျက်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ မပြောင်းလဲတဲ့ တစ်နေ့တာတွေကို အပြောင်းအလဲရှိတဲ့ခံစားချက်နဲ့ ဖြတ်ကျော်နိုင်ဖို့ ကိုယ့်ရဲ့ Lifestyle တစ်ချို့ကို ပြုပြင်ပေးရမှာပါ။

အရင်ဆုံး ကိုယ့်ရဲ့ လုပ်ရိုးလုပ်စဉ်အချိန်ဇယားက စပြီး ပြင်ပေးသင့်ပါတယ်။ ပုံမှန်ဆို မနက်ဖက်တွေကို ဘယ်လို ဖြတ်သန်းဖြစ်သလဲ။ မနက်ခင်းအချိန်ဇယားတွေက အသားတကျ ဖြစ်နေပြီလား။ ဒါဆိုရင် အစီအစဉ်အသစ်လေးတွေ ပြောင်းပေးကြည့်ပါ။ ဥပမာ- အခုလို COVID ကာလမှာ မနက် ၉ နာရီလောက်မှ အိပ်ရာကထ ၊ မျက်နှာသစ် ၊ Facebook သုံး ၊ မနက်စားစား ၊ ဂိမ်းဆော့ ၊ နေ့လယ်ဆို အိပ် ၊ ညဘက်ကို ညနက်မှ အိပ်ရာဝင်နေမိတယ် ဆိုပါတော့။

Photo: unsplash

ဒါဆိုရင် ကိုယ်လည်း ကျန်းမာစိတ်လက်လည်း ကြည်လင်စေမယ့် Healthy Lifestyle ဖြစ်အောင် နေပြီး ပြောင်းလဲကြည့်ပါ။ ညကို စောစောအိပ်ရာဝင် ၊ အိပ်ရာထဲမှာလည်း ဖုန်းမယူလာဘဲ နေကြည့်ပါ။ အိပ်ခါနီး စာအုပ်တစ်အုပ် ဖတ်ချင်ဖတ်ပါ။ မနက်ကို စောစောထ ၊ ကိုယ်လက်သန့်ရှင်းရေး လုပ်ပြီးရင် ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်း လုပ်ဖို့ အချိန် ၁၅ မိနစ်လောက် ပေးပါ။

ပြီးတာနဲ့ ထမင်းစားမယ်။ အလုပ်ရှိရင် အလုပ်ကလေး လုပ်မယ်။ မရှိရင် စာလေးဘာလေး ဖတ်မယ်။ ဖုန်းကို နာရီဝက် ၁ နာရီလောက်ပဲ သုံးမယ်။ ပြီးတာနဲ့ တစ်ရေးတစ်မောလောက် အိပ်ချင် အိပ်မယ်။ နိုးလာရင် ကိုဗစ်ကာလမှာ အကျိုးရှိအောင် အွန်လိုင်းသင်တန်းလေးတွေ တက်ထားမယ် ၊ Tutorial လေးတွေ စမ်းလုပ်နေမယ်။

ဒီလိုမျိုး ပြောင်းကြည့်လိုက်ပါ။ အပေါင်းအသင်းနဲ့ နေတဲ့သူတွေဆိုရင် Chess ကစားတာလိုမျိုး ဦးနှောက်ကို အသုံးချဖြစ်တဲ့ ဂိမ်းကလေးတွေ ကစားပေးနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့ အလုပ်ကလေးတွေ လုပ်နိုင်သလောက် လျှောက်လုပ်ကြည့်နေမယ်။ တကယ်လို့ စာရေးရတာ ဝါသနာပါရင် ဒီအချိန်က အခွင့်ကောင်းအခါကောင်းပါပဲ။

Photo: unsplash

တကယ်တော့ တိုးတက်ဖို့အတွက် အပြောင်းအလဲဆိုတာ လိုအပ်စမြဲပါ။ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေတဲ့ အချိန်မှာတောင် ပိုကောင်းတာတွေ ဖြစ်ဖို့ ပြောင်းလဲရမယ်ဆိုတဲ့ အသိနဲ့ ရုန်းကန်နေရင် လမ်းစပေါ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နေ့ရက်တွေဟာ ရိုးအီမနေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဘာမှမလှုပ်မရှားတဲ့ ဇုန်တစ်ခုမှာ မထားဖို့ သတိချပ်စေချင်ပါတယ်။