ပျော်ရွှင်ခြင်းကို လူတိုင်း မက်မောကြမှာပါ။ ဘဝမှာ ကျွန်တော်တို့ လုပ်နေသမျှ လုပ်ရပ်တွေအားလုံးနီးပါးဟာ ပျော်ရွှင်မှုကို ရယူခံစားဖို့ဆိုတဲ့ ရည်ရွယ်ချက်က အဓိက ပါဝင်နေလို့ပါပဲ။ အလုပ်တွေ ကြိုးစား ၊ ငွေတွေအများကြီးရှာ ၊ အိမ်ကောင်းကောင်းဝယ် ၊ အဝတ်အစားကောင်းကောင်း ဝတ် ၊ အမိုက်စားဆိုတဲ့ အသုံးအဆောင်တွေ ထည်လဲသုံး ..။ ဒါတွေဟာ ကိုယ့်စိတ်ကို ပျော်စေမှာပဲဆိုတဲ့ ယူဆမှုနဲ့ အခုလို လုပ်နေကြတာပါ။

ပျော်ရွှင်မှုအတွက် ကုန်ကျလိုက်တဲ့ ပိုက်ဆံ နဲ့ ပေးလိုက်ရတဲ့အချိန် ၊ ရင်းလိုက်ရတဲ့ အရင်းအနှီးတွေ ပြန်တွက်ကြည့်ရင် မနည်းမနောများပြားလှပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ ပျော်နိုင်မယ်ထင်တဲ့အတွက် ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ ဆက်လုပ်နေရတုန်းပါပဲ။ ဒီဆောင်းပါးမှာတော့ ပိုက်ဆံမကုန်ဘဲ ပျော်ရွှင်တတ်သူ ဖြစ်အောင် ပြောင်းလဲပေးမယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) သင့်စိတ်သဘောထားကို ပြောင်းလဲပါ

change your view

Photo: Unsplash

သင့်စိတ်ထဲမှာ မပျော်ရွှင်ဘူး ၊ ဝမ်းနည်းရတယ်ဆိုတဲ့ အတွေးတွေပဲ သိမ်းပိုက်ထားရင် ပျော်ရွှင်ခြင်းဟာ သင့်စိတ်ထဲ ဘယ်လိုလုပ် ဝင်လာပါ့မလဲ။ လူတစ်ယောက်ကို ပျော်တယ်/ဝမ်းနည်းတယ် ဆိုပြီး ခံစားရအောင် သတ်မှတ်လိုက်တာ အပြင်လူတွေလုပ်တာ မဟုတ်ပါဘူး။ သင့်ရဲ့စိတ်သဘောထားကပဲ အဆုံးအဖြတ်ပြုတာပါ။ အဆိုးမြင်တဲ့အတွေးတွေ ၊ သောကဖြစ်စရာတွေပဲ စိတ်ထဲမှာ လုံးထွေးနေသူအဖို့ ပျော်နိုင်ဖို့ ခက်ပါတယ်။ ပျော်ချင်ရင် စိတ်ထဲ မှောင်မိုက်တဲ့အတွေးတွေ ဝင်လာတိုင်း အကောင်းမြင်မှုတွေ ၊ ပျော်စရာတွေနဲ့ အစားထိုးပြောင်းလဲတတ်အောင် ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) တရားထိုင်ကြည့်ပါ

clean your mind

Photo: Unsplash

တရားထိုင်ရင် စိတ်ငြိမ်မယ် ၊ အတွေးတွေကို ထိန်းချုပ်နိုင်မယ်ဆိုတာ အတော်များများ သိကြမှာပါ။ တရားထိုင်ခြင်းက ရလာမယ့် အကျိုးကျေးဇူးတွေက စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သိပ်ကို အရေးကြီးပါတယ်။ အကျိုးလည်း များပါတယ်။ တရားထိုင်တယ်ဆိုတာ အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုကို တစ်ကိုယ်လုံးမှာ ထုံမွှမ်းနေတာ ဖြစ်ပါတယ်။ငြိမ်းချမ်းသူဟာ ပျော်ရွှင်နေတဲ့သူပါပဲ။ ပျော်ရွှင်ခြင်းဆိုတာ အတွေးတွေနဲ့ အနှောင့်အယှက်ခံမနေရတဲ့အချိန်မှာ ပေါ်ပေါက်တတ်ပါတယ်။ အတွေးတွေကို သိသိနေရင်းနဲ့ ကိုယ့်စိတ်ကို အကဲခတ်နေသူဟာ ငြိမ်းတဲ့စိတ်နဲ့ ပျော်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

(၃) စိတ်ကို တိုက်တွန်းလှုံ့ဆော်ပေးပါ

feel the nature

Photo: Unsplash

အပေါ်ဆုံးအချက်မှာ ပြောခဲ့တာနဲ့ ဆင်ပါတယ်။ မတူတာက စိတ်ထဲမှာ ဝမ်းနည်းစရာ ၊ မပျော်နိုင်စရာတွေ ခံစားလာတဲ့အခါ ကိုယ့်စိတ်ကို ပြောင်းလဲပေးမယ့် အကောင်းမြင်စေတဲ့ စကားလေးတွေကို ဂါထာလို ရွတ်ပေးတာပါပဲ။ ဒါဟာ စိတ်ကို Reprogram ပြန်ဆွဲတာနဲ့ တူပါတယ်။ ဥပမာ- ကိုယ့်ကိုယ်ကိုယ် ငါဟာ အမြဲပျော်ရွှင် ရောင့်ရဲတတ်တယ်။ တစ်နေ့ထက်တစ်နေ့ ငါဟာ ပိုပြီး ပျော်ရွှင်လာနေတယ်။ ငါလုပ်သမျှကို ကျေနပ်နေတယ်။ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပေးတာမျိုး ဖြစ်ပါတယ်။

(၄) ချစ်ခင်ကြင်နာမှုတွေ မျှဝေပါ

Be the sharer

Photo: Unsplash

ပျော်ချင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို ပျော်အောင် ထားကြည့်ပါ။ ချစ်ခြင်းမေတ္တာတို့ ကြင်နာမှုတို့ဆိုတာ လူတွေကို နှစ်သိမ့်ပျော်ရွှင်စေတဲ့အရာတွေ ဖြစ်ပါတယ်။ သင်က စပြီး တခြားသူတွေဆီ မေတ္တာမျှဝေတဲ့အခါ သင့်ကို လူတွေက မေတ္တာရှိလာမှာပါပဲ။ ဒီမေတ္တာဟာ အပြစ်ကင်းတဲ့ရယ်သံတွေရဲ့ လာရာဖြစ်သလို ပျော်ရွှင်မှုတွေကို ဆောင်ယူပေးမယ့် လေပြေညင်းလည်း ဖြစ်ပါတယ်။

Featured Photo: psychologytoday