မှတ်သားဥာဏ်ကို အသုံးအများဆုံးဟာ ကျောင်းသားကျောင်းသူတွေ ဖြစ်ပေမယ့် တကယ်တော့ မှတ်ဥာဏ်ဆိုတာ အလုပ်ခွင်ဝင်နေတဲ့ လူရွယ်တစ်ယောက်ကနေ ပင်စင်ယူပြီး အဘိုးကြီးအထိ နေ့တိုင်း အသုံးချရတဲ့အရာ ဖြစ်ပါတယ်။ မှတ်ဥာဏ်တစ်ခုကို ကိုယ့်စိတ်မှာ ပြတ်ပြတ်သားသား ထင်စွဲနေဖို့အတွက် ပြုပြင်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။

(၁) လက်ရေးနဲ့ ပိုပြီး ချရေးပါ

Source: Pexels

မှတ်ဥာဏ်ကို ပိုပြီး ပံ့ပိုးကူညီပေးနိုင်တာက စာရေးတာပါပဲ။ သွားလေရာမှာ အိတ်ဆောင်စာအုပ်ငယ်တစ်ခုနဲ့ ဘောပင်တစ်ချောင်း ထည့်သွားပြီး တစ်ခုခု တွေ့လာတိုင်း သိလာတိုင်း ချရေးတာဟာ ကိုယ်ပိုင်မှတ်ဥာဏ်ကို ပိုပြီး နက်ရှိုင်းစေပြီး အဓိပ္ပါယ်လည်း ပိုရှိစေပါတယ်။ အကြောင်းတစ်ခုက လက်နဲ့ စာရေးတာဟာ ကိုယ့်အတွေးနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ အကောင်းဆုံးလမ်းကြောင်းလည်း ဖြစ်ပါတယ်။

(၂) ပုံမှန်ပြန်သုံးသပ်ပါ

Source: Pexels

ဖြစ်နိုင်ရင် တစ်နေ့တာ ကိုယ်လုပ်ဆောင်ချက်တိုင်းကို ညဘက်မှာ ပြန်စဉ်းစား သုံးသပ်တာဟာ မှတ်ဥာဏ်ကို နှိုးဆွရာ ရောက်ပါတယ်။ ညဘက်တွေမှာ ကိုယ်ရေးခဲ့တဲ့ တစ်နေ့တာ မှတ်စုနဲ့ ကိုယ်တွေးလို့ရသမျှ အဖြစ်အပျက်တွေအကြောင်းကို ၁၀ မိနစ် ဖြစ်စေ ၁၅ မိနစ် ဖြစ်စေ ပြန်စဉ်းစား သုံးသပ်ပေးသင့်ပါတယ်။

(၃) အသက်ရှုပါ

Source: Método DeRose Floripa

အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်တာဟာ ဦးနှောက်ရဲ့ မှတ်သားမှုစနစ်ကို ပိုပြီး တိုးတက်ဖွံ့ဖြိုးစေပါတယ်။ အသက်ဝဝ ရှုနေတာဟာ ဦးနှောက်ထဲ အောက်ဆီဂျင် စီးဆင်းမှု ပိုတိုးစေပြီး စိတ်ကို ပိုလန်းဆန်း ကြည်လင်စေပါတယ်။ မနက်ခင်းနဲ့ ညဘက်တွေမှာ အသက်ရှုလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းကနေ မှတ်ဥာဏ်ကို ပိုတိုးစေပါတယ်။ အသက်ရှုတာအပြင် ရေဓါတ်လုံလုံလောက်လောက် ဖြည့်တင်းပေးတာဟာ စိတ်နဲ့ ကိုယ်ကို ကြည်လင်လန်းဆန်းစေပါတယ်။

(၄) တစ်ကြိမ်မှာ တစ်ခုချင်းစီ လုပ်ပါ

Source: Pexels

အတွေးတွေပဲ တွေးတွေး ၊ အလုပ်တွေပဲ လုပ်လုပ် တစ်ကြိမ်မှာ တစ်ခု ဥပဒေဟာ အထိရောက်ဆုံးပါ။ Multitasking လိုမျိုး တစ်ချိန်တည်း လက်မလည်အောင် အလုပ်များနေတာဟာ ဘာကိုမှ မစုစည်းမိတတ်သလို ကြာလာရင် ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ပါ ထိခိုက်နိုင်ပါတယ်။ မှတ်ဥာဏ်ရဲ့ သဘောသွားတစ်ခုက ပိုမှတ်မိစေဖို့ အပိုင်းလိုက် အပိုင်းလိုက် မှတ်သွားတဲ့နည်းက အလုပ်အဖြစ်ဆုံးပါ။

(၅) အစီအစဉ် ကျပါစေ

Source: Pexels

လုပ်သမျှမှာ အစီအစဉ်တကျနေရင် မှတ်ဥာဏ်ကို ဆွဲထုတ်ဖို့လည်း ပိုလွယ်ပါတယ်။ မှတ်ဥာဏ်ဟာ လုပ်ဆောင်မှု အစီအစဉ်နဲ့ ဆက်စပ်နေသလို တစ်ခါတစ်ရံမှာ အဖြစ်အပျက်တစ်ခုကို ဆွဲထုတ်ပေးနိုင်မယ့် အသေးအမွှား ကိစ္စလေး (အနံ့ ၊ မြင်ကွင်း ၊ ပုံစံနဲ့ အရောင် ကအစ) တွေနဲ့လည်း ထူးထူးခြားခြား ဆက်စပ်နေတတ်ပါတယ်။