လုပ်ငန်းခွင်ဝင်နေရတဲ့သူတွေအဖို့ အားလပ်ရက်တွေက ပျော်စရာအကောင်းဆုံးရက်တွေပါပဲ။ ရက်ရှည်ပိတ်ရက်တွေဆိုရင် ပိုပြီးပျော်ဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုံးတက်ရက်တွေမှာ ကြိတ်မှိတ်ခံစားထားရတဲ့ စိတ်ဖိစီးမှုတွေကို အားလပ်ရက်တွေမှာ ဖြေလျော့ပစ်လို့ရနိုင်ပါတယ်။

စိတ်ပြေလက်ပျောက်နဲ့ စိတ်သစ်လူသစ်ဖြစ်ဖို့အတွက် အကောင်းဆုံးအပန်းဖြေနည်းကတော့ အားလပ်ရက်မှာ ခရီးထွက်တာပါပဲ။ အမျိုးသားတွေအနေနဲ့ ရက်တိုခရီးသွားမယ်ဆိုရင် ကျောပိုးအိတ်တစ်လုံး အဝတ်အစား နှစ်စုံလောက်နဲ့တင် အဆင်ပြေပေမယ့် တစ်ပတ်ကနေ တစ်လလောက်ကြာတဲ့ ရက်ရှည်ခရီးဆိုရင်တော့ အဝတ်အစားတွေကို သေချာထုပ်ပိုးသိမ်းဆည်းဖို့ လိုနေပါပြီ။

ရှိသမျှအဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းအားလုံးကို ခရီးဆောင်အိတ်ထဲ သိမ်းကျုံးပစ်ထည့်လို့မရပါဘူး။ စည်းစနစ်တကျနဲ့ သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ်လေး ထည့်သိမ်းသင့်ပါတယ်။ ဒီလိုမျိုး စနစ်တကျထည့်သိမ်းနိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းလေးတွေကို သိထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

စာရွက်တစ်ရွက်ပေါ် အရင်ရေးချထားပါ

Source: lostateminor.com

ကိုယ် သွားမယ့်ခရီးမှာ ဘာတွေလိုအပ်မလဲ၊ ကိုယ့်မှာ ရှိပြီးသားပစ္စည်းနဲ့ အသစ်ဝယ်ရမယ့် ပစ္စည်းတွေအကုန်လုံးကို စာရင်းလုပ်ထားပါ။ ဒါမှ ပစ္စည်းတွေ ထုပ်ပိုးတဲ့အခါ မမေ့ကျန်ခဲ့မှာပဲဖြစ်ပါတယ်။ ပစ္စည်းတွေ အကုန်ထည့်ပြီးသွားတဲ့အခါမှာလည်း ပစ္စည်းစုံ မစုံ ထိုစာရင်းစာရွက်လေးနဲ့ နောက်ဆုံးတစ်ကြိမ် ပြန်တိုက်စစ်ပေးဖို့လည်း မမေ့ပါနဲ့။

အဝတ်အစားတွေကို မခေါက်ဘဲနဲ့ လိပ်လိုက်ပါ

Source: indietraveller.co

အင်္ကျီနဲ့ ဘောင်းဘီတို့ကို ခေါက်ထည့်မယ့်အစား လိပ်ထည့်မယ်ဆိုရင် ခရီးဆောင်အိတ်ထဲမှာ နေရာအရမ်းမယူတဲ့အတွက်ကြောင့် အဝတ်အစားတွေ များများစားစားထည့်လို့ရပါတယ်။

ရှူးဖိနပ်ထည့်တဲ့အိတ် ဆောင်ထားပါ

ဖိနပ်ထည့်တဲ့အိတ်ကလေးကို သီးသန့်ဝယ်ထားလိုက်ပါ။ ဒါမှ ခရီးဆောင်အိတ်ထဲ ရောထည့်တဲ့အခါ အဝတ်အစားတွေ မပေမကျံဘဲနဲ့ ဖိနပ်အနံ့လည်း ကပ်ငြိနေမှာမဟုတ်တော့ပါဘူး။ ဒါ့အပြင် ခြေစွပ်လေးတွေကိုလည်း စောစောကလိုလိပ်ပြီး အင်္ကျီတွေနဲ့ ရောမထည့်ဘဲ ရှူးဖိနပ်ထဲ တစ်ခါတည်း ထိုးထည့်ထားလိုက်ပါ။

မိမိဝတ်မယ့်အဝတ်အစားကို တစ်ခါတည်းတွဲထည့်ပါ

Source: tripit.com

ဘယ်အင်္ကျီကို ဘယ်ဘောင်းဘီနဲ့ တွဲဝတ်မလဲဆိုတာကို တစ်ခါတည်းစဉ်းစားပြီး အတူတူလိပ်ထည့်လိုက်မယ်ဆိုရင် အဝတ်အစားတွေရှာရလွယ်သွားပါလိမ့်မယ်။ ခရီးသွားနေတာဆိုတော့ ကိုယ့်အိမ်မှာလိုမျိုး တွန့်ကြေသွားတဲ့အဝတ်အစားကို မီးပူတိုက်လို့မရပါဘူး။ ဘာဝတ်ရမှန်းမသိလို့ ခရီးဆောင်အိတ်ထဲ မွှေနှောက်ရှာတာထက်စာရင် ဝတ်စုံအတွဲလိုက်လေးရှိမယ်ဆိုရင် အဆင်အပြေဆုံးပါပဲ။

ဒီအချက် (၄) ချက်ကို သိပြီးသွားပြီဆိုရင် နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ ခရီးဆောင်အိတ်ပဲ ဖြစ်ပါတယ်။ မိမိသွားမယ့်ခရီးရဲ့ ရက်တို၊ ရက်ရှည်ပေါ် မူတည်ပြီး ခရီးဆောင်အိတ်အမျိုးအစားတွေကို ရွေးချယ်ပေးလိုက်ပါ။ စာဖတ်သူတို့ ရွေးချယ်ရ လွယ်ကူဖို့ရန်အတွက် ခရီးဆောင်အိတ်အမျိုးအစားလေးတွေကိုပါ တစ်ခါတည်းဖော်ပြပေးလိုက်ရပါတယ်။

ဘီးတပ် ခရီးဆောင်သေတ္တာအကြီးစား

ရက်ရှည်ခရီးသွားမယ့်သူများ၊ အဝတ်အစားနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို များများစားစားထည့်ချင်သူများအတွက် ခရီးဆောင်သေတ္တာက အဆင်အပြေဆုံးပါပဲ။

လက်ဆွဲ ခရီးဆောင်အိတ်

လက်ဆွဲခရီးဆောင်အိတ်ကတော့ အပိုအလိုမရှိ ကွက်တိထည့်ရမယ့် အိတ်ပါပဲ။

ကျောပိုးအိတ်

ကျောပိုးအိတ်ထဲမှာတော့ အဝတ်အစားပဲ ထည့်လို့ရပါလိမ့်မယ်။ မျက်နှာသစ်ဆေးတို့ အခြားအသုံးအဆောင်တို့ ထည့်လို့တော့ရမယ် မထင်ပါဘူး။

ခရီးဆောင်ဗူးများ

ခရီးဆောင်ဗူးလေးတွေကတော့ Set အလိုက်လာတာပါ။ အဝတ်အစားဆိုတစ်ဗူး၊ ခရင်မ်တွေ ဘာတွေဆိုလည်း ဗူးပြောင်းထည့်ရပါလိမ့်မယ်။ တော်တော်လေး လက်ပေါက်ကပ်ပြီး အလုပ်ရှုပ်မယ့် နည်းလမ်းပါပဲ။

Source: fashionbeans.com