အလုပ်အကိုင်ပြောင်းတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အခုမှ အလုပ်သစ်ဘက် ပြောင်းမယ့်သူတွေဆို ပိုလို့တောင် မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။ ကံအကြောင်းမလှလို့ လက်ရှိအလုပ်ကနေ အထုတ်ခံရတဲ့သူတွေအတွက်ကတော့ ပြောလို့တောင်မရအောင် ခက်ခဲကြမှာ အမှန်ပါပဲ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အလုပ်သစ် ပြောင်းဖို့ရှိတဲ့သူတွေအတွက် ဒီနှစ်ထဲမှာ ဘာတွေလုပ်သင့်သလဲ ဆိုတာနဲ့ပတ်သက်လို့ အကြံပြုချက်တချို့ မျှဝေပေးချင်ပါတယ်။

(၁) စွန့်စားရဲပါစေ

2022

Photo: Unsplash

အခုခေတ်ဟာ စွန့်စားရတဲ့ခေတ်ကြီးပါပဲ။ အပြောင်းအလဲတွေ ၊ စိန်ခေါ်မှုသစ်တွေနဲ့ နပန်းလုံးနေရတဲ့ ခေတ်ကြီးမှာ ဘာကိုမှ အခိုင်အမြဲ စွဲမထားဘဲ အလိုက်သင့်ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ။ စွန့်စားခန်းတွေ လုပ်ဖို့ သတ္တိမွေးထားပါ။ နယ်ပယ်သစ်ထဲ ခြေစုံပစ်ဝင်တော့မယ်ဆိုရင် ကြိုတွေးထားလို့ မရနိုင်တဲ့ အတွေ့အကြုံအသစ်အဆန်းတွေကိုပါ မျှော်လင့်ထားဖို့ ပြောချင်ပါတယ်။

(၂) အဆက်အသွယ်တွေနဲ့ ချိတ်ထားပါ

Network

Photo: Unsplash

အလုပ်သစ်ထဲ ဝင်ဖို့ စဉ်းစားထားရင် အဲ့ဒီနယ်ပယ်ဘက်ကို ရောက်နေတဲ့သူတွေနဲ့ အသိအကျွမ်းဖွဲ့ထားပါ။ ရင်းနှီးပြီးသား လူတွေရှိရင် သူတို့နဲ့ တိုင်ပင်ပါ။ အပြင်မှာရော လူမှုကွန်ရက်တွေနဲ့ အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းတွေပေါ်မှာပါ မိတ်ဆွေတွေရှာပါ။ ကိုယ်ပိုင်လူမှုဆက်ဆံ ရေးကွန်ရက်တစ်ခု ဖွဲ့ထားပါ။ ကိုယ်သွားမယ့် နယ်ပယ်နဲ့ သက်ဆိုင်တဲ့သူတွေနဲ့ သိကျွမ်းခင်မင်ထားတာဟာ အလုပ်အကိုင်ကူးပြောင်းမှု ချောမွေ့လွယ်ကူစေတဲ့အကြောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

(၃) အံဝင်တဲ့ ကျွမ်းကျင်မှုတွေ ဖြည့်ထားပါ

Writing

Photo: Unsplash

နောက်အလုပ်အတွက် ဘယ်လိုကျွမ်းကျင်မှုတွေ လိုအပ်သလဲဆိုတာ သိအောင်လုပ်ပြီး ပြည့်စုံအောင် ဖြည့်ဆည်းထားဖို့ လိုပါတယ်။ အလုပ်အကိုင်ဆိုင်ရာ ပညာရပ်ကျွမ်းကျင်မှုအပြင် လူမှုဆက်ဆံရေးအရည်အချင်း ၊ ဦးဆောင်မှု ၊ စကားပြောစွမ်းရည်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း စတဲ့ Emotional Intelligence နဲ့ Soft Skills ဘက်မှာလည်း အားကောင်းအောင် ကြိုပြီး ပြင်ဆင်ထားပါလို့ အကြံပေးချင်ပါတယ်။

(၄) စိတ်ကို ပြင်ဆင်ထားပါ

Writing

Photo: Unsplash

အလုပ်ကြောင့်အပြင် COVID-19 ကပ်အတွင်း လူမှုရေး ၊ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝပြဿနာတွေကြောင့် လူတိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ ရှိခဲ့တာ ငြင်းမရပါဘူး။ စိတ်ဖိစီးမှု ၊ စိုးရိမ်သောက နဲ့ စိတ်ဓါတ်ကျဆင်းမှုတွေဟာ ဒီဘက်နှစ်တွေမှာ အများဆုံး ကြုံနေကြတဲ့ ပြဿနာတစ်ခုဖြစ်လာပါပြီ။ အလုပ်ရှာနေချိန်မှာ ဒီပြဿနာတွေက အမြင့်ဆုံးအထိ ရောက်လာနိုင်တယ်ဆိုတာ ကြိုတွက်ထားပါ။ စိတ်ကို အကောင်းဆုံးမျှော်လင့်ချက်နဲ့ နလန်ထနိုင်အောင် ပြင်ဆင်ထားဖို့က ၂၀၂၂ မှာ အလုပ်သစ်ရှာမယ့်သူတွေ မဖြစ်မနေ ဦးစားပေးရမယ့်ထိပ်တန်းကိစ္စတစ်ခုပဲဆိုတာ မမေ့စေချင်ပါဘူး။

Featured Photo: jeda