ဒီနှစ်နွေက အတော်လေးကို အပူရှိန်ပြင်းထန်တာကြောင့် သင်္ကြန်မှာ လျှောက်လည်မယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ကျန်းမာရေးအပြင် နောက်ထပ် ဂရုစိုက်ရမှာတစ်ခုက ကိုယ်ကိုင်နေကျ ဖုန်းရဲ့ ကျန်းမာရေးပါ။
ရေသဘင်ပွဲဖြစ်လို့ ရေရွှဲအောင် စိုချိန်မှာ ဖုန်းထဲ ရေဝင်ရင် ဒုက္ခများပါလိမ့်မယ်။ ဒီတော့ သင်္ကြန်မှာ ပျော်ပျော်ကြီး ကဲရင်း ဖုန်းထဲ ရေမဝင်အောင် ဆောင်သင့် ရှောင်သင့်တာလေးတွေ ပြောပြပါရစေ။

(၁) ရေလုံ ဖုန်းအိတ်သုံးပါ။

Source: Travel + Leisure

လွယ်လွယ်လေး အကြံပေးလို့ ရတာကတော့ အိမ်သုံးရုံးသုံး ဘက်စုံသုံးနိုင်တဲ့ ဇစ်ပါ ရေလုံအိတ်လေးများထဲမှာ ကိုယ့်ဖုန်းကို ထည့်ပြီး အပြင်ထွက်လည်နိုင်ပါတယ်။ အိတ်အမျိုးအစားနဲ့ ဒီဇိုင်းကတော့ ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ ကြိုးပါတဲ့ ဇစ်ဆွဲအိတ်လေးတွေဆိုရင်တော့ ပိုပြီး သယ်လို့ ပြုလို့ အဆင်ပြေပါတယ်။ ဈေးနှုန်းလည်း အရမ်းမကြီးတာကြောင့် ကိုယ့်ဖုန်း ရေမစိုအောင် မဖြစ်မနေ ဝယ်သုံးသင့်ပါတယ်။

(၂) ကွန်ဒုံးသုံးပါ။

Source: Rebel Circus

ကွန်ဒုံးကို စမတ်ဖုန်း ကာဗာအဖြစ်သုံးပြီး ရေမစိုအောင် ကာကွယ်နိုင်ပါတယ်။ ကွန်ဒုံးမှာ သုံးထားတဲ့ ရာဘာစဟာ ဖုန်းတစ်လုံးကို အစွပ်သဘောနဲ့ အုပ်လိုက်မယ်ဆိုရင် ရေဝင်နိုင်တဲ့ အပေါက်တွေကို တစ်ခါတည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ လူကြားထဲမှာတော့ ကွန်ဒုံးစွပ်စမတ်ဖုန်းကိုင်ရတာ နည်းနည်းတော့ ကြောင်တာပေါ့ဗျာ။ သို့သော်လည်း အဓိကကတော့ ဖုန်းရေမဝင်ဖို့အတွက် ကာဗာအနေနဲ့ သုံးတာပါပဲ။

(၃) အပြင်ထွက်လည်ရင်း ဓါတ်ပုံရိုက်ခြင်းနဲ့ လူမှုကွန်ယက်သုံးခြင်းမျိုး မလုပ်သင့်ပါ။

Source: Discovery DMC

တကယ်လို့ လျှောက်လည်ရင်း ဓါတ်ပုံရိုက်ချင်လာရင်လည်း ဖုန်းကို ရေမထိနိုင်မှာ သေချာတဲ့ နေရာကနေ ဓါတ်ပုံရိုက်ပါ။ လိုင်းပေါ်တင်ပါ။ ဒီလိုမှ မဟုတ်ဘဲ အများတကာက ရေဝိုင်းပက်နေချိန်မှာ ဓါတ်ပုံသွားရိုက်တာနဲ့ ဖုန်းထဲ ရေဝင်ပြီး ပျက်သွားဖို့ အတော်လေး ဖြစ်နိုင်ခြေများပါတယ်။ သင်္ကြန်လို အားလုံးက တရုန်းရုန်းနဲ့ ကဲနေချိန်မှာ ဖုန်းတကိုင်ကိုင်နဲ့ လျှောက်သွားနေမယ်ဆိုရင်တော့ ဖုန်းပျက်နိုင်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ အခြေအနေကြည့်ပြီးပဲ ဖုန်းကို ရေလုံအိတ်ထဲကနေ ထုတ်ပြီး ဓါတ်ပုံရိုက်တာ Facebook ပေါ် တင်တာ လုပ်သင့်ပါတယ်။

(၄) နားကြပ်သုံးပြီး ဖုန်းပြောပါ။

Source: Evening Standard

သင်္ကြန်မှာ ရေစိုမှာစိုးလို့ ဖုန်းကို တစ်ချိန်လုံး ရေလုံအိတ်ထဲ ထည့်ထားရမှာ ဖြစ်လို့ ဖုန်းလာတဲ့အခါ ပြောမယ်ဆိုရင် နားကြပ်သုံးပြီး ပြောသင့်ပါတယ်။ နားကြပ်နဲ့ ဖုန်းပြောတာက မတော်တဆ ဖုန်းပြောစဉ် ရေပက်ခံရမယ်ဆိုရင်တောင် သိပ်ပြဿနာ မရှိပါဘူး ။ မတော် နားကြပ်ပျက်သွားဖို့ ပဲရှိပါတယ်။(နားကြပ်ကိုတော့ သင်္ကြန်တွင်း သုံးဖြစ်ရုံ ဈေးပေါပေါနားကြပ်ဝယ်သင့်ပါတယ်။) Bluetooth နဲ့ ချိတ်ဆက်နိုင်တဲ့ ကြိုးမဲ့နား ကြပ်တွေကတော့ ဈေးကြီးပေမယ့် ရေစိုဒဏ်ပိုခံနိုင်ပါတယ်။

(၅) တကယ်လို့ ဖုန်းရေစိုလာပြီဆိုရင်

Source: Technobezz

ဖုန်းတစ်လုံးကို ရေဝင်နိုင်တဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ တစ်ချို့ကိစ္စတွေက ရှောင်လွှဲမရတာကြောင့် မတော်လို့ ရေဝင်သွားပြီဆိုရင် အလွယ်တကူဖြေရှင်းနိုင်မယ့်နည်းလေး ပေးလိုက်ပါတယ်။
(၁) ဖုန်းကို စက်ပိတ်လိုက်ပါ။
(၂) ဖုန်းကို ရေစုပ်နိုင်တဲ့ တစ်ရှုး ၊ ရေမြှပ်တစ်ခုခုနဲ့ သုတ်လိုက်ပါ။
(၃) SIM ကဒ် ၊ Memory Card နဲ့ ဘက်ထရီ ဖြုတ်လိုက်ပါတယ်။ အိုင်ဖုန်းဆိုရင်တော့ SIM ကဒ်ဖြုတ်လိုက်တာနဲ့ ရပါတယ်။
(၄) ဆန်စိမ်းထဲကို နှစ်ထားလိုက်ပါ။
(၅) သိပ်ရေမစိုရင်တော့ ၅ နာရီလောက်နဲ့ ရေငွေ့ ပျောက်သွားပါလိမ့်မယ်။ ဆိုးရင်တော့ ၃ ရက်လောက်အထိ ဒီအတိုင်း ဆန်အိုးထဲ မြှပ်ထားလိုက်ပါ။ ပြီးတာနဲ့ ဖုန်းကို ပြန်ဖွင့်ပြီး သုံးနိုင်ပါပြီ။ တစ်ခု ရှိတာက ဖုန်းကို အခြောက်ခံစက် Dryer သုံးပြီး အခြောက်မခံပါနဲ့။ Dryer နဲ့ မှုတ်လိုက်မယ်ဆိုရင် ဖုန်းထဲက ပစ္စည်းသေးသေးလေးတွေ ပျက်သွားနိုင်ပါတယ်။