ချွေးသံတရွဲရွှဲနဲ့ အားကစားလုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့်လည်း Gym ခန်းမတွေဟာ လူပေါင်းစုံ လာရောက်ကစားကြတဲ့ နေရာ ဖြစ်သလို မှိုနဲ့ ဘက်တီးရီးယားလိုမျိုး အသားအရေ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ ပိုးမွှားတွေ ရှိရာ နေရာလည်း ဖြစ်ပါတယ်။ ဒီတော့ Gym ရုံမှာ အားကစားလေ့ကျင့်ပြီးရင် အသားအရေထိန်းသိမ်းဖို့အတွက် အခုပြောမယ့် ဆောင်ရန်ရှောင်ရန်လေးတွေ လိုက်နာသင့်ပါတယ်။

အားကစားခန်းမက ပြန်လာတာနဲ့ ရေချိုးခန်းဝင်ဖို့ လုပ်ပါ။ Workout လုပ်နေချိန်မှာ လူ့ကိုယ်ခန္ဓာဟာ ချွေးနဲ့ အဆီတွေ ညှစ်ထုတ်နေပါတယ်။ အားကစားခန်းမထဲက ပစ္စည်းကိရိယာတွေမှာ ဘက်တီးရီးယားနဲ့ အနုဇီဝပိုးမွှားတွေ ကပ်တွယ်နေတာ ဖြစ်လို့ ထိတွေ့မိတဲ့ နေရာတိုင်းမှာ ရောဂါပိုးမွှားတွေက သင့်ဆီ ကပ်ပါလာမှာပါ။ နောက်တစ်ခုက ချွေးထွက်တာကနေ ဘက်တီးရီးယား ပေါက်ပွားလာတာကြောင့် ကိုယ်နံ့လည်း ဆိုးနေပါတယ်။

Photo: adapnation

ရေမချိုးဖြစ်သေးရင် ချွေးတွေကို အဝတ်သန့်သန့်နဲ့ သေချာ သန့်ရှင်းသုတ်သင်ထားဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ရေအေးအေး ချိုးပါ။ နွေးထွေးတဲ့ရေကို ချိုးမယ်ဆိုရင် အသားအရေ ခြောက်သွေ့ယားယံလာနိုင်သလို ဘက်တီးရီးယားဝင်ပြီး အသားအရေပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ Skincare ထုတ်ကုန်တွေကို သုံးမယ်ဆိုရင်လည်း Skin Type ပေါ် လိုက်ပြီး မှန်ကန်တဲ့ အလှကုန်အမျိုးအစားပဲ သုံးသင့်ပါတယ်။

တကယ်လို့ အသားအရေနုနယ်ပြီး ထိခိုက်လွယ်တဲ့သူမျိုးဆိုရင် Gel Cleanser မျိုး သုံးသင့်ပါတယ်။ တစ်ချို့အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေကတော့ ရိုးရိုး သန့်စင်မှုအပြင် အဆီပြန်တာ လျှော့ချပေးမယ့် ထုတ်ကုန်သုံးရမှာပါ။ ရေချိုးပြီးရင်တော့ ခြောက်သွေ့တဲ့ အသားအရေသမားတွေဟာ ခရမ်အမျိုးအစား အစိုထိန်း Moisturizer သုံးပေးဖို့ လိုပြီး အဆီများတဲ့ အသားအရေပိုင်ရှင်တွေကတော့ Oil-Free အမျိုးအစား သုံးပေးဖို့ လိုမှာ ဖြစ်ပါတယ်။

Photo: Theofit

သုံးပြီးသား မျက်နှာသုတ်ပုဝါနဲ့ သဘက်တွေကို သေချာ လျှော်ဖွပ်သန့်စင်ပေးဖို့ လိုပါတယ်။ Gym ကို သွားရင်လည်း ကိုယ့်အိမ်က ယူလာတဲ့ လျှော်ဖွပ်သန့်စင်ပြီးသား Towers တွေပဲ သုံးသင့်ပါတယ်။ Gym ခန်းမှာ ကိုယ်သုံးတဲ့ သဘက်တွေကိုလည်း တွေ့ရာ နေရာမှာ ချမထားဖို့ လိုပါတယ်။ နောက်တစ်ခုက Gym ပစ္စည်းတွေ မသုံးခင်နဲ့ သုံးပြီးချိန်မှာ တတ်နိုင်သလောက် သန့်ရှင်းရေး လုပ်ပေးရမှာ ဖြစ်ပါတယ်။

Workout လုပ်နေချိန်မှာ တစ်ကိုယ်လုံး ချွေးတွေ ထွက်နေပါတယ်။ ခေါင်းချွေးတွေ ထွက်ချိန်မှာဆို မျက်နှာ လည်ပင်းနဲ့ ပုခုံးအထိ တောက်လျှောက်စီးကျနေတာ ဖြစ်လို့ Gel နဲ့ Pomade တွေ သုံးတာမျိုး သတိထားဖို့ လိုပါတယ်။ ဒီလိုမျိုး ဆံပင်ချွေးကနေ တစ်ဆင့် ဝက်ခြံနဲ့ အမည်းကွက်တွေ ဖြစ်နိုင်တာကြောင့် ဆံပင်ကို Salt Spray လိုမျိုး ပေါ့ပေါ့ပါးပါး Hair Productတွေပဲ ရွေးချယ်သုံးတာ ဒါမှမဟုတ် Gel မလိမ်းဘဲ Gym သွားတာမျိုး လုပ်သင့်ပါတယ်။