တစ်နေ့တစ်နေ့ ကိုယ့်ဘဝမှာ စိတ်ဝင်စားစရာမရှိတော့ဘူးလို့ ထင်နေမိပြီလား။ တစ်ခါတလေ “ငါ ဘာလို့များ ဒီလို ပျင်းစရာ နေ့စဉ်ဘဝထဲမှာ လှောင်ပိတ်နေမိပါလိမ့်” လိုများ မေးခွန်းထုတ်နေမိပြီလား။ တချို့ ပိုပြီး အခြေအနေဆိုးတဲ့သူတွေဆို “ဘဝဆိုတာ ဒါပဲလား”လို့တောင် မေးနေပါလိမ့်မယ်။
ဒီလို မေးခွန်းထုတ်တဲ့သူတွေဟာ သူတို့ရဲ့ ဘဝမှာ ပျင်းရိစရာ တစ်နေ့တာကိစ္စတွေနဲ့ အချိန်ကုန်နေရတဲ့သူတွေ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝဟာ ပျော်စရာမကောင်းတော့ဘူးဆိုရင် ရွှင်လန်းတက်ကြွဖွယ်ရာ နေ့ရက်တွေဖြစ်အောင် လုပ်ယူဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပျင်းရိစရာနိစ္စဒူဝသံသရာထဲမှာ ရုန်းမထွက်နိုင်အောင် လည်မသွားခင် အခုပြောမယ့်အချက်တွေ လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ပညာလို အိုတယ်မရှိဆိုတာ သတိရပါ

young-serious-designer-stretching-yellow-filament-from-spool-while-going-make-3d-print-new-object

Photo: Freepik

ဘဝကို နိုးကြားထက်သန်စေချင်ရင် ကိုယ့်သိချင်စိတ်ကို စိန်ခေါ်ပါ။ ပျင်းရိစရာနေ့စဉ်ဘဝထဲကနေ ထွက်ဖို့အတွက် ပညာရေးက ကိုယ့်ကို တံခါးတွေ ဖွင့်ထားတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ အခုခေတ်မှာ ကျောင်းတက်ရတဲ့ Formal Schooling အပြင် ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်ကောင်းကောင်းရှိရုံနဲ့တင် ကိုယ့်ရဲ့ လောကအမြင်ကို ကျယ်ပြောအောင် ကူညီပေးမယ့် အွန်လိုင်းပညာရေးစနစ်ဆိုတာ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပျင်းနေရင် စိတ်ဝင်စားစရာတစ်ခုခု သင်ယူနေပါလို့ ပြောချင်ပါတယ်။

(၂) တစ်လမ်းတည်း နှစ်ကြိမ် မလျှောက်နဲ့

young-teenager-boy-playing-skateboard-public-park

Photo: Freepik

ပျင်းစရာကောင်းတယ်လို့ ထင်ရင် နေ့တိုင်း အသစ်အဆန်းလေးတွေ လုပ်ကြည့်ပါလားလို့ အကြံပေးချင်ပါတယ်။ ဥပမာ-အားလပ်ချိန် အိမ်မှာတင် မနေဘဲ သူငယ်ချင်းတွေနဲ့ မိသားစုတွေဆီ အလည်သွားတာ ၊ အပြင်ထွက်ဖြစ်ရင် ကိုယ်သွားလေ့မရှိတဲ့ ဆိုင်တွေ ၊ နေရာတွေ လျှောက်လည်တာမျိုး ၊ ခရီးတွေ ပတ်ထွက်တာမျိုး လုပ်ကြည့်ပါ။ အရေးကြီးတာက ကိုယ့်ကို ပျင်းစေတဲ့ အရာတွေကို ထပ်တလဲလဲ မလုပ်မိစေဖို့ပါပဲ။

(၃) အလုပ်မှာ ပျော်စရာတွေ ဖန်တီးပါ

millennial-group-young-businesspeople-asia-businessman-businesswoman-throwing-documents-feeling-happy-achievements-after-succeed-result-meeting

Photo: Freepik

ဘယ်လောက် ကိုယ်သဘောကျတဲ့ အလုပ်ပဲ ဖြစ်ဖြစ် အလုပ်ထဲချည်းပဲ စိတ်နှစ်လုပ်နေရရင် ကြာလာတာနဲ့အမျှ ငြီးငွေ့စိတ်ကုန်လာနိုင်ပါတယ်။ အလုပ်မှာ Burnout ဖြစ်လာပြီး အလုပ်လုပ်ရတာကိုက ပျင်းရိစိတ်ပျက်စရာကြီးလို့ ခံစားလာရနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ အလုပ်မှာ ပျော်စရာအစီအစဉ်လေးတွေ အပတ်စဉ်လုပ်တာ ၊ သူငယ်ချင်းတွေ လုပ်‌ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းပြီး စိတ်အပန်းပြေစေမယ့် ဂိမ်းကလေးတွေ ကစားတာ ၊ ရုံးဆင်းချိန် အစီအစဉ်လေးတွေ ဆွဲတာမျိုးလည်း လုပ်နိုင်ပါတယ်။

(၄) ဝါသနာအသစ်လေးတွေ မွေးပါ

young-guy-with-backpack-traveler-standing-cliff

Photo: Freepik

ဖန်တီးမှုပါတဲ့ ဝါသနာလေးတွေ ရှိတာကောင်းပါတယ်။ တစ်ခုခုကို စိတ်နှစ်ပြီး ပုံဖော်နေရတဲ့အလုပ်ဟာ စိတ်ပိုင်း ၊ ဇီဝကမ္မပိုင်းအရ ကျေနပ်နှစ်သိမ့်မှု ပီတိကို ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ခံစားမှုနဲ့ ဖန်တီးနိုင်စွမ်းကို ရွက်လွှင့်လိုက်တာပဲ ဖြစ်ပါတယ်။ လက်နဲ့ ကိုယ်တိုင် ဖန်တီးနိုင်ပြီး စိတ်ပိုင်းအရလည်း ငြီးငွေ့ ပျင်းရိမှုကို ချေဖျက်နိုင်တဲ့ ဝါသနာတွေထဲမှာ အိုးလုပ်တာ ၊ အိမ်အတွင်းဒီဇိုင်းဖန်တီးတာ ၊ သစ်သားလက်ရာလေးတွေ လုပ်တာ ၊ ဝတ္ထုတစ်ပုဒ်ရေးတာ ၊ ပန်းချီဆေးခြယ်တာမျိုး လုပ်တာတွေ ပါပါတယ်။

ဘာပဲဖြစ်ဖြစ် ဝါသနာပါတာလေးတွေ လုပ်နေရတော့ စိတ်ထဲမှာ ကျေနပ်ပျော်ရွှင်ရသလို ကိုယ်ဖန်တီးထားတဲ့ လက်ရာလေးတွေကို ပြန်ကြည့်ရတာကလည်း ပီတိဖြစ်စရာပါပဲ။ အခုပြောခဲ့တဲ့ အချက်လေးတွေကို ပုံမှန်လုပ်ပေးနေခြင်းအားဖြင့် ပျင်းရိနေတဲ့ နေ့စဉ်ဘဝကို ချိုးဖျက်ပြီး တက်ကြွရွှင်လန်းတဲ့ လူနေမှုဘဝကို ဖန်တီးနိုင်ပါလိမ့်မယ်။