ဘယ်လိုအလုပ်အကိုင်မျိုးမဆို ဖိအားတော့ အနည်းအများဆိုသလို ရှိကြပါတယ်။ အခုလိုအချိန်မှာ အလုပ်ဖိအားဆိုတာ ပုံစံမျိုးစုံနဲ့ ပိုပြီး အရွယ်အစားကြီးကြီးတွေ ကြုံလာရပြီ ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု‌ကြောင့် တစ်ချို့တွေမှာ ဆိုးဝါးတဲ့ စိတ်ဒဏ်ရာပါ ရတာမျိုး ရှိလာပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ စိတ်ဖိစီးမှု မြင့်မားလာပြီဆိုရင် အခုပြောမယ့် အချက်တွေနဲ့ တိုက်ထုတ်သင့်ပါတယ်။

(၁) အလုပ်နဲ့ မိသားစုဘဝ ခြားထားပါ

Photo: Fortune

Work-Life Balance ဖြစ်ဖို့ ဆိုရင် အလုပ်ကိစ္စကို အိမ်သယ်မလာဖို့နဲ့ အိမ်ရဲ့ ပြဿနာကို အလုပ်ဆီ ယူမလာဖို့ ဖြစ်ပါတယ်။ အလုပ်ကို ရုံးအချိန်မှာ ကြိုးစားလုပ်ဆောင်သလိုမျိုး အလုပ်ချိန်ပြင်ပမှာ မိသားစုဘဝနဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရေဘဝ ဖွံ့ဖြိုးရေးအတွက် အချိန်ပေးဖို့ လိုပါတယ်။

ခေါင်းထဲမှာ အလုပ်ကိစ္စပဲ စွဲနေရင် ဘဝရဲ့ အဓိပ္ပါယ်လည်း ကျဉ်းမြောင်းလာမှာ ဖြစ်သလို ရေရှည်မှာ မပျော်မရွှင်ဖြစ်ခြင်း ၊ စိတ်ရှုပ်ထွေး ပင်ပန်းပြီး လူမှုဆက်ဆံရေး ထိခိုက်လာခြင်းများ ဖြစ်နိုင်ပါတယ်။ အလုပ်ခွင်ပြင်ပမှာ စိတ်ဖိစီးမှု သက်သာစေဖို့ ကိုယ့်ဝါသနာလေးတွေ လုပ်နေတာ ၊ မိသားစု/မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားလက်ဆုံပြောတာမျိုးတွေ လုပ်သင့်ပါတယ်။

(၂) ခွင့်ယူပြီး ခရီးသွားပါ

Photo: Freepik

အလုပ်ကြောင့် စိတ်ဖိစီးမှု သိပ်များလာရင် အလုပ်ကနေ ခွင့်ယူလိုက်ပါ။ အနည်းဆုံး ခွင့်တစ်ပတ်လောက် ယူပြီး ကိုယ်မရောက်ဖူးတဲ့ မြို့နဲ့ ရှုခင်းတွေ ရှိရာဆီ ခရီးထွက်ပါ။ ခရီးသွားခြင်းဟာ သင့်စိတ်ကို အပြေင်းအလဲ ဖြစ်စေပြီး သင့်ခေါင်းထဲကို အတွေးသစ်တွေ ဝင်လာစေနိုင်ပါတယ်။ လူတွေ ၊ မြင်ကွင်းတွေနဲ့ အသစ်အသစ်တွေ မြင်ရတွေ့ရတာကြောင့် စိတ်ဟာ ပိုပြီး ကြည်လင်နိုးကြားလာနိုင်ပါတယ်။

(၃) အားကစားလုပ်ပါ

Photo: Freepik

တစ်ချို့သူတွေက အလုပ်မှာ စိတ်ပင်ပန်းလာရင် Gym ခန်းထဲမှာ ချွေးထွက်အောင် ကစားပြီး စိတ်ဖိစီးမှုကို တိုက်ထုတ်တတ်ပါတယ်။ အားကစားလုပ်ခြင်းဟာ စိတ်ကို လန်းဆန်းကြည်လင်သွားစေတဲ့အကျိုးပေးတာကြောင့် စိတ်ဖိစီးမှု ကြုံလာရင် အားကစားလုပ်ဖို့လည်း အကြံပေးကြပါတယ်။

(၄) တရားထိုင်ပါ

Photo: Freepik

တကယ်လို့ သင်က စိတ်ဖိစီးလာချိန်မှာ အားကစားလုပ်လို့ စိတ်မပြေနိုင်သူ ဆိုရင် အကောင်းဆုံး ကုထုံးက တရားနဲ့အညီ စိတ်သဘောထားပြောင်းဖို့နဲ့ အသက်ရှုလေ့ကျင့်ခန်းများ လုပ်ပြီး စိတ်ကို နှိုးဖို့ ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ သင့်စိတ်ကို Restart ပြန်ချပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ တရားရှုမှတ်ခြင်းအားဖြင့် စိတ်ဟာ တည်ကြည်ငြိမ်သက်လာပြီး ရှင်းရှင်းပြတ်ပြတ် ပိုမြင်လာနိုင်ပါတယ်။ ဒီလို မြင်ခြင်းအားဖြင့် ကြုံရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ လွယ်ကူသက်သာသွားစေနိုင်ပါတယ်။