ကွီးတို့ ဆိုင်ထိုင် ၊ ဘားထိုင်ပြီး သောက်ကြစားကြရင် မတော်တဆ အင်္ကျီအဝတ်အစားတွေအပေါ် အရက်/ဘီယာတွေ ဖိတ်ကျမိတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ယောကျာ်းလေး တော်တော်များများအဖြစ်များတဲ့ ကိစ္စတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီလို အရက်/ဘီယာ ယမကာတွေ မတော်တဆဖိတ်စင်မိပြီး ကိုယ်အကြိုက်ဆုံး အင်္ကျီလေးတွေမှာ စွန်းထင်သွားရလို့ နှမြောနေတဲ့ ကွီးတို့အတွက် အစွန်းအထင်းတွေ ဖယ်ရှားလို့ရမယ့် နည်းလမ်းကောင်းတချို့ကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) ဘီယာအစွန်းအထင်းတွေကို ဖယ်ရှားနည်း

How to Remove Beer Stains
Photo : The Manual

ဘီယာ အစွန်းအထင်းတွေက ဖယ်ရှားဖို့ လွယ်ကူတယ်ထင်ရပေမယ့်လည်း ခြောက်သွားတဲ့အချိန်မှာ အင်္ကျီပေါ်မှာ အစွန်းရာအကွက်လိုက်ကြီးပေါ်နေတက်ပြီး အနံ့ဆိုးတွေ ကျန်နေတက်ပါတယ်။ ကဲဒါဆို ဘီယာအစွန်းအထင်းတွေကို ဘယ်လို ဖယ်ရှားလို့ရမလဲ ကြည့်လိုက်ရအောင်ပါ။

လွယ်ကူရိုးရှင်းတဲ့ ပထမဆုံးနည်းလမ်းတစ်ခုကတော့ ပန်းကန်ဆေးဆပ်ပြာ / ဆပ်ပြာ အပျော့စားကို ကြက်သီးနွေးရေနဲ့ ရောမွှေပြီး သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါ ဒါမှမဟုတ် ရေမြှုပ်ကို အသုံးပြုကာ အစွန်းအထင်းတွေ ပျောက်တဲ့အထိ ပွတ်ပေးရမှာဖြစ်ပါတယ်။

အစွန်းအထင်တွေက ထင်သလောက်ပျောက်မသွားဘူးဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါနဲ့ ဆပ်ပြာမှုန့်အနည်းငယ်ကို ရောစပ်ပြီး သွားပွတ်တံအဟောင်းနဲ့ အစွန်းအထင်းနေရာကို ညင်သာစွာ ပွတ်လိမ်းပေးပါ။ ၅ မိနစ် ၁၀ မိနစ်လောက်ထားပြီး ကြက်သီးနွေးရေ အနည်းငယ်နဲ့ ဆေးကြောလိုက်လို့ရပါပြီး။ မုန့်ဖုတ်ဆော်ဒါက အနံ့သက်ဆိုးတွေကို ဖယ်ရှားပေးပြီး အစွန်းအထင်းတွေပျောက်ကွယ်သွားစေဖို့ ကူညီပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ကြက်သီးနွေးရေ၊ ရှာလကာရည်နဲ့ ဆပ်ပြာရည်တို့ကိုရောမွှေပြီး အဆိုပါ ရောစပ်ထားတဲ့ရေထဲမှာ အင်္ကျီကို ၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင်တော့ အစွန်းနေရာကို ညင်သာစွာပွတ်တိုက် လျှော်ဖွတ်ပေးရမှာဖြစ်ပါတယ်။ လျော်ရခက်တဲ့ အစွန်းအထင်းကြီးကြီးမားမားတွေအတွက်တော့ အစွန်းချွတ်ဆေးအနည်းငယ် ထည့်ပြီး လျှော်ဖွတ်ပေးနိုင်ပါတယ်။

(၂) အရက်အစွန်းအထင်းတွေကို ဖယ်ရှားနည်း

How to Remove Liquor Stains
Photo : The Manual

အရောင်မရှိတဲ့ ယမကာအများစုက အဝတ်အစားတွေပေါ်မှာ ရေကွက်ကဲ့သို့ အစွန်းအထင်းတွေကိုသာ ဖြစ်စေတယ်ဆိုပေမယ့် ဝီစကီ/ ရမ်ကဲ့သလို့အရက်တွေက အင်္ကျီပေါ်မှာ အစွန်းအထင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါဆိုအရက် အစွန်းအထင်းတွေကိုရော ဘယ်လို ဖယ်ရှားလို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ပထမဆုံးနည်းကတော့ အဝတ်လျှော်ဆပ်ပြာ၊ ရှာလကာရည် ၊ အရက်ပျံနဲ့ ရေတို့ကို ရောစပ်ပြီး သမအောင်မွှေပေးပါ။ အဆိုပါ ရောစပ်ထားတဲ့ ဆပ်ပြာရည်ထဲကို အရက် စွန်းထားတဲ့ အင်္ကျီကိုထည့်ပြီး အစွန်းတွေပျောက်တဲ့အထိ ညင်သာစွာပွတ်တိုက်လျှော်ဖွတ်ပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ရေအေးနဲ့ ဆပ်ပြာရည်ကိုရောစပ်ပြီး အမြုပ်ထတဲ့အထိ မွှေပေးပါ။ အဆိုပါဆပ်ပြာရေနဲ့ အမြုပ်ကို အဝတ်အသန့်တစ်ခုယူပြီး အရက်စွန်းထင်းနေတဲ့ အင်္ကျီပေါ်က အစွန်းနေရာကို ပွတ်တိုက်သန့်စင်ပေးရမှာဖြစ်ပါတယ်။ အစွန်းများပြောင်သွားပြီဆိုပါက အင်္ကျီပေါ်မှာဆပ်ပြာမြုပ်တွေကျန်မနေစေဖို့ ရေအေးနဲ့ ထပ်မံ လျှော်ဖွတ်ပေးရမှာဖြစ်ပါတယ်။

ဒီနည်းကတော့ ဘီယာအစွန်း သန့်စင်နည်းနဲ့အတူတူပါပဲ။ ကြက်သီးနွေးရေ၊ ရှာလကာရည်နဲ့ ဆပ်ပြာရည်တို့ကို အသုံးပြုပြီး စွန်းနေတဲ့ အင်္ကျီကို ၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင်တော့ အစွန်းနေရာကို ရေမြှုပ်နဲ့ အရက်ပြန်တချို့ထည့်ပြီး ညင်သာစွာပွတ်တိုက် လျှော်ဖွတ်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် ကြက်သီးနွေးရေထဲမှာ မိနစ် ၂၀ မှ ၃၀ အထိ စိမ်ထားပြီး ပုံမှန်အတိုင်း လျှော်ဖွတ်လိုက်လို့ရပါပြီ။

(၃) ဝိုင်အစွန်းအထင်းတွေကို ဖယ်ရှားနည်း

How to Remove Wine Stains
Photo : The Manual

ဝိုင်နီတွေလိုယမကာမျိုးကတော့ အဝတ်အစားတွေပေါ် စွန်းထင်းသွားရင် ဖယ်ရှားသန့်စင်ဖို့ အတော်လေးခက်ခဲပါတယ်။ ဝိုင်နီ စွန်းစွန်းချင်း ချက်ချင်းဆိုသလို အလျင်မြန် ဖယ်ရှားသန့်စင်မယ်ဆိုရင်တော့ အစွန်းအထင်းတွေ ပျောက်သွားနိုင်ခြေရှိပါတယ်။ ဝိုင်အစွန်းတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်း ၂ ခုကို ကြည့်လိုက်ရအောင်ပါ။

ပထမဆုံးနည်းကတော့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နဲ့ ဆပ်ပြာရည်တို့ကို ဆတူရောစပ်ပြီး သွားတိုက်တံ သို့မဟုတ် နူးညံ့ပျော့ပျောင်းတဲ့ Brush နဲ့ အစွန်းအထင်းနေရာကို ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ အင်္ကျီကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နဲ့ ဆပ်ပြာရည်တို့ရောစပ်ထားတဲ့ သန့်စင်ဆေးရည်ထဲကို ၁ နာရီလောက်စိမ်ထားပေးရမှာဖြစ်ပါတယ်။ အချိန်ပြည့်ရင် ကြက်သီးနွေးရေကို အသုံးပြုပြီး လျှော်ဖွတ်ပေးရမှာပါ။ အစွန်းအ ထင်းတွေလုံးဝပျောက်သွားဖို့ ဆိုရင်တော့ ဒီအတိုင်း နှစ်ကြိမ်လောက် ပြုလုပ်ပေးဖို့လိုပါတယ်။

နောက်တစ်နည်းကတော့ Hairsprays ကို အစွန်းအထင်းများအပေါ် ရွှဲနေအောင် မှုတ်ပြီး ၅ မိနစ်ကနေ ၁၀ ခန့်ထားကာ ရေခပ်နွေးနွေးဖြင့် ရေဆေးချလိုက်ပါ။ အရေးကြီးဆုံးကတော့ စွန်းစွန်းချင်းမှာ သန့်စင်ဖယ်ရှားပေးဖို့ပါပဲ။ အချိန်ကြာကြာထားလေ အစွန်းအထင်းတွေက ဖျောက်ရခက်လေဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းတွေနဲ့ ကူရှင်၊ စောင်၊ အထည်လက်သုတ်ပဝါ၊ ခေါင်းအုံး နဲ့ အဝတ်သားနဲ့ ပြုလုပ်ထားတဲ့ မည်သည့် အသုံးအဆောင်ပစ္စည်းကိုမဆို သန့်ရှင်းရေး ပြုလုပ်လို့ရနိုင်ပါတယ်။

Fearured Photo : The Manual