ယောင်္ကျားလေးတွေအတွက် မျက်နှာပေါ်ကဆားဝက်ခြံဆိုတာတကယ့်ကိုစိတ်ရှုပ်စေတဲ့ ရန်သူဆိုပေမယ့် ကြောက်စရာတော့မဟုတ်ပါဘူး။ Blackhead လို့ခေါ်တဲ့ ဆားဝက်ခြံဆိုတာ ဝက်ခြံအမျိုးအစားတမျိုးပါပဲ။ ဒါပေမယ့်သူက ဝက်ခြံလိုအပေါ်ကဖုံးထားတဲ့အရေပြားလွှာမရှိလို့ ညစ်ထုတ်စရာမလိုပါဘူး ချွေးပေါက်ထဲမှာ အဆီနဲ့အညစ်အကြေးတွေစုနေတာကို ဖယ်ရှားပေးဖို့ပါပဲ။ ဒါဆို အခုပြောပြပေးမယ့်နည်းလမ်းတွေက ဆားဝက်ခြံဖြစ်စေတဲ့ ဒီအဆီနဲ့အညစ်ကြေးတွေကိုဖယ်ရှားနိုင်မယ့် နည်းလမ်းတွေပါ။
(၁) Exfoliate လုပ်ပါ
ပထမဆုံးအနေနဲ့ မျက်နှာကို exfoliate လုပ်ပေးရပါမယ်။ exfoliate လုပ်တယ်ဆိုတာ အရေပြားပေါ်ကချွေးပေါက်တွေထဲမှာစုပုံနေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားတာပါ။ အကျိုးရလဒ်ကတော့ အသားအရေကိုကျန်းမာစေပြီး လေဝင်လေထွက်ကောင်းအောင်ကူညီပေးပါတယ်။ ဆဲလ်အသေတွေကိုဖယ်ရှားဖို့ Exfoliate cream တခုခုသုံးတဲ့အခါ salicylic acid ပါတာမျိုးကို သုံးပေးပါ။ Exfoliate cream တွေကိုတော့ စူပါမားကတ်တွေမှာ ကိုယ်ကြိုက်တဲ့တံဆိပ်မေးပြီးဝယ်လို့ရပါတယ်။
(၂) moisturizer (အစိုဓါတ်) လိမ်းပါ
Moisturizer(အစိုဓါတ်) ကို တနေ့မှာ နှစ်ကြိမ်ပုံမှန်လိမ်းပေးဖို့လိုပါတယ်။ ဒါပေမယ့် တခုသတိထားရမှာက exfoliate လုပ်မယ်ဆိုရင် လုပ်ပြီးမှသာ moisturizer ကိုလိမ်းပေးရပါမယ်။ moisturizer လိမ်းပြီးမှ exfoliate လုပ်မယ်ဆိုရင် အဆီနဲ့ဆဲလ်အသေတွေကို ကောင်းကောင်းဖယ်နိုင်မှာမဟုတ်ပါဘူး။ အစိုဓါတ်ထိန်းပေးတာက ချွေးပေါက်ကျယ်စေခြင်းကို ကာကွယ်ပေးတဲ့အတွက် ချွေးပေါက်အတွင်းအဆီနဲ့အညစ်အကြေးတွေဝင်တာကို သက်သာစေပါတယ်။
(၃) ချွေးပေါက်ကျဉ်းအောင်လုပ်ပါ
နောက်တဆင့်အနေနဲ့ မျက်နှာပေါ်ကချွေးပေါက်တွေကိုကောင်းကောင်းသန့်စင်ပြီးပြီဆိုရင် အညစ်အကြေးတွေ အဆီတွေထပ်မဝင်အောင် ကျယ်နေတဲ့ချွေးပေါက်တွေကိုပြန်ကျဉ်းပေးရပါမယ်။ retinoid ပါတဲ့ cream တခုခုလိမ်းပေးတာက မျက်နှာပေါ်ကချွေးပေါက်တွေကိုပြန်ကျဉ်းပေးနိုင်ပြီး နောက်ထပ် blackhead တွေဖြစ်မလားအောင် တားဆီးပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတခုပါ။
(၄) Mask အသုံးပြုပေးပါ
နောက်ဆုံးအဆင့်ကတော့ အားလုံးပြီးတဲ့ အခါ Mask (အသားအရေထိန်းမျက်နှာဖုံး) ကပ်ပေးဖို့ပါ။ blackhead တွေအတွက် အကောင်းဆုံး mask ကတော့ charcoal mask (ကျောက်မီးသွေးနဲ့ပြုလုပ်ထားတဲ့) ပါ။ ချွေးပေါက်ထဲကအညစ်အကြေးနဲ့ အဆီတွေကိုအကောင်းဆုံးဖယ်ရှားနိုင်ဖို့ တပတ်ကိုနှစ်ကြိမ်ပြုလုပ်ပေးဖို့လိုပါတယ်။ ဘယ်တံဆိပ်ထဲကအကောင်းဆုံးလဲဆိုတာကိုတော့ မိန်းကလေးသူငယ်ချင်းကိုသာမေးလိုက်ပါ။