ရင်ဘတ်ကြွက်သားတွေကို လှစ်ဟပြသ ချင်တဲ့အခါ အမွှေးအမျှင်မရှိဘဲ ပြောင်စင်အောင်ရိတ်ထားပြီး နူးညံ့စိုပြေနေတဲ့ ရင်ဘတ်ကသာ ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြတာပါ။ ဒါပေမဲ့လည်း ရင်ဘတ်မွှေးကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုရိတ်ရမလဲဆိုတာ သိထားမှသာလျှင် ပြောင်စင်အောင် ရိတ်သင့်ပါတယ်။ နို့မဟုတ်ဘဲ ဖြစ်သလိုရိတ်လိုက်မယ်ဆိုရင် အမွှေးကြမ်းတွေပေါက်မယ်၊ သင်တုန်းဓားရဲ့ ဖြတ်ရာ၊ ရှရာတွေနဲ့ အနာတရဖြစ်တတ်ပါတယ်။

နွေရာသီအားလပ်ရက်တွေမှာ ကမ်းခြေကို အပန်းခြေထွက်တဲ့အခါ အင်္ကျီချွတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေ ထုတ်ကြွားချင်တဲ့ကွီးတို့အတွက်ဆိုရင်တော့ ရင်ဘတ်မွှေးတွေကို ပြောင်စင်အောင် ရိတ်ထားတာအကောင်းဆုံးပါပဲ။

ရင်ဘတ်မွှေးရိတ်မှ ဆွဲဆောင်မှုရှိတာလား။

ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းတူမှာမဟုတ်တဲ့အတွက် အမြင်ချင်းလည်း တူကြမှာမဟုတ်ပါဘူး။ နှုတ်ခမ်းမွှေးအရှည်ထားရတာ ကြိုက်နှစ်သက်တဲ့သူရှိသလိုပဲ ရင်ဘတ်မွှေးတွေကို မရိတ်ပစ်ဘဲ သဘာဝအတိုင်းအရှည်ထားတဲ့သူတွေလည်း ရှိကြပါတယ်။ ရိတ်ချင်တယ်ဆိုရင်တော့ ရိတ်နည်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားသွားတတ်ပါတယ်။ တချို့က စက်နဲ့ရိတ်ချင်ကြပြီး တချို့ကတော့ ခရင်မ်တွေနဲ့ ရိတ်ချင်ကြတာပါ။ စာဖတ်သူက ပြောင်ရှင်းနေတာကို သဘောကျတယ်ဆိုရင်တော့ ရိတ်ပစ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။

ရင်ဘတ်မွှေးတွေကို ဘယ်နှကြိမ်တစ်ခါ ရိတ်သင့်သလဲ။

အမွှေးတွေကို ရိတ်ပစ်ခြင်းက ဖယောင်းနဲ့ အမွှေးချွတ်ခြင်းထက်စာရင် သိပ်မနာကျင်ပေမယ့်လို့ အမွှေးပြန်ပေါက်နှုန်းကတော့ မြန်ပါတယ်။ တချို့တွေကျတော့ တစ်ပတ်လောက်နေရင် ပြန်ရှည်တတ်ကြပြီး တချို့တွေကလည်း သုံးလေးရက်လောက်နေတာနဲ့ ပြန်ရှည်တတ်ကြပါတယ်။ တစ်ပတ်မှာ ဘယ်နှကြိမ်ရိတ်သင့်လဲဆိုတာကလည်း အမွှေးပေါက်နှုန်းပေါ်မူတည်သလို၊ အမွှေးဖယ်ရှားတဲ့အခါ အသုံးပြုတဲ့နည်းလမ်းပေါ်မှာလည်း မူတည်ပါသေးတယ်။

အမွှေးရိတ်ခြင်းက ထိုအမွှေးများကို ပိုထူလာစေသလား။

အမွှေးတွေ ရိတ်လေ၊ အရှည်သန်ပြီး အမွှေးပိုထူလာတယ်လို့ ထင်တတ်ကြပါတယ်။ အမွှေးတွေ ပိုသန်လာတာမဟုတ်ဘဲ ရိတ်ပုံရိတ်နည်းမှားယွင်းတာကြောင့်ပဲဖြစ်ပါတယ်။ တချို့အမွှေးတွေက ရိတ်ပစ်လိုက်တဲ့အခါ အမြစ်ကနေ မပြတ်သွားဘဲ ငုံးတိလေးတွေ ကျန်ခဲ့တတ်ပါတယ်။ ထိုအမွှေးငုံးတိုလေးတွေက အသစ်ပြန်ပေါက်လာတဲ့အမွှေးတွေနဲ့ရောသွားပြီး အမွှေးထူလာသလိုဖြစ်သွားတာပါ။ အမွှေးတွေကို အမြစ်ကနေ ဖယ်ရှားပေးတဲ့ နည်းလမ်းတွေနဲ့ ရိတ်သင်သင့်ပါတယ်။ ဒါမှ အမွှေးကြမ်းလေးတွေမပေါက်ဘဲ အမွှေးတွေလည်း ထူလာမှာမဟုတ်ပါဘူး။

ရင်ဘတ်မွှေးများကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုရိတ်ရမလဲ။

  • မရိတ်ခင်မှာ ရှည်လျားနေတဲ့ အမွှေးများကို အရင်ဦးဆုံး ညှပ်ပစ်ရပါမယ်။ ဒါမှ ရိတ်ရတာ ပိုလွယ်မှာပါ။
  • ပြီးရင် အမွှေးရိတ်တဲ့ခရင်မ်ကို ရင်ဘတ်ပေါ်မှာ လိမ်းပေးလိုက်ပါ။
  • အမွှေးရိတ်စက်နဲ့ ရိတ်မယ်ဆိုရင် တုံးနေတဲ့ ဘလိတ်ဓားအဟောင်းမသုံးဘဲ ထက်တဲ့ဘလိတ်ဓားအသစ် အသုံးပြုပါ။
  • ရိတ်တဲ့အခါမှာ ညင်ညင်သာသာနဲ့ဖြည်းဖြည်းချင်းစီရိတ်ပေးရပါမယ်။
  • တစ်ချက်ရိတ်ပြီးတိုင်း ရိတ်ပြီးသားအမွှေးနဲ့အစိုင်အခဲတွေက သင်တုန်းဓားအဝမှာ တစ်ဆို့မနေအောင် ဖယ်ရှားပေးပါ။
  • အမွှေးတွေ အကုန်အစင်ရိတ်ပြီးသွားပါက ရေဆေးချလိုက်ပြီးနောက် ခရင်မ်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။
  • ရိတ်ပြီသွားတဲ့နေရာတွေကိုလည်း တစ်ပတ်မှာနှစ်ကြိမ်ခန့် ကြေးချွတ်ပေးဖို့မမေ့ပါနဲ့။ ဒါမှ အမွှေးကြမ်းတွေ မပေါက်မှာဖြစ်ပါတယ်။

Source: thetrendspotter.net