တစ်ခါတစ်လေ တစ်ညလုံးမအိပ်ပဲနေရတဲ့ ညတွေကြုံဖူးကြမယ် ထင်ပါတယ်။ ဥပမာ စာမေးပွဲရှိတဲ့ရက်တွေ အလုပ်အိုဗာတိုင်ဆင်းရတဲ့ညတွေမှာ ညဘက်ညဉ့်နက်တဲ့အထိ နိုးကြားတက်ကြွအောင် နေကြရပါတယ်။ ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ညဘက်မအိပ်ရတဲ့ ညတွေမှာ တစ်ညလုံး တက်ကြွလန်းဆန်းနေစေဖို့ ဘယ်လိုနေကြမလဲ ဆိုတာနဲ့ပတ်သတ်ပြီး နည်းလမ်းကောင်းတွေ ပြောပြပေးချင်ပါတယ်။ သင့်ခန္ဓာကိုယ်စွမ်းအင်ကို မှန်မှန်ကန်ကန်ထိန်းသိမ်းရန်နှင့် ကျန်းမာရေးအပေါ်ဆိုးကျိုးသက်ရောက်မှုအနည်းဆုံး နည်းလမ်းလေးတွေဖြစ်တာကြောင့် စိတ်ဝင်စားတယ်ဆိုရင်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) ရေများများသောက်ပါ


Source : Freepik

ရေဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်အတွက် အရေးပါတဲ့အခြေခံ လိုအပ်ချက်တစ်ခုဖြစ်ပြီး စွမ်းအင်ကိုအဓိကထောက်ပံ့ပေးတဲ့ သဘာဝသောက်စရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် တစ်ညလုံး နိုးကြားတက်ကြွနေဖို့ဆိုရင် ရေများများသောက်ပေးပါ။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေခြင်းက ပင်ပန်းနွမ်းနယ်ခြင်း ငိုက်မြည်းခြင်း အားအင်ကုန်ခမ်းခြင်း ခေါင်းကိုက်ခြင်းတွေကို ကာကွယ်ပေးပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

(၂) သီချင်းဖွင့်ထားပါ

Source : Freepik

ညအချိန်တိတ်ဆိတ်နေခြင်းက အိပ်ငိုက်ခြင်းကို ပိုပြီးဖြစ်စေပါတယ်။ ဒါကြောင့် သီချင်းသံစဉ်တချို့ကို သင့်အနီးနားမှာ ဖွင့်ထားလိုက်ပါ။ သီချင်းသံက ဦးနှောက်အတွင်းသို့ ဓာတုပစ္စည်းများ ထုတ်လွှတ်ပေးတာကြောင့် စိတ်ခံစားမှုကို ပိုကောင်းစေပါတယ်။ အဲ့ဒါကြောင့်လည်း ပင်ပန်းနေချိန်မှာ သီချင်းနားထောင်လိုက်တဲ့အခါ လူကိုလန်းဆန်းသွားစေတာပါ။ ညဘက်မအိပ်ချင်အောင် နိုးနိုးကြားကြားရှိအောင်ဆိုရင်လည်း ခပ်မြူးမြူး သီချင်းလေးတွေ ဖွင့်ထားသင့်ပါတယ်။

(၃) အိပ်ရာနဲ့ဝေးဝေးမှာနေပါ

Source : Freepik

ညဘက်မှာ စာကြည့်မယ် အလုပ်လုပ်မယ်ဆိုရင် အတက်နိုင်ဆုံး အိပ်ရာနဲ့ ဝေးဝေးမှာနေသင့်ပါတယ်။ ညဉ့်နက်လာလေ သင်ကအိပ်ရာနဲ့အနီးဆုံးမှာရှိနေမယ်ဆိုရင် အိပ်ချင်တဲ့စိတ်တွေ ငိုက်မြည်းတာတွေပိုပြီး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာအနီးမှာ စာလုပ်တာ အလုပ်လုပ်တာထက်စာရင် လေကောင်းလေသန့်ရတဲ့ ပြတင်းပေါက်လိုနေရာတွေကို ရွေးချယ်တာက ပိုကောင်းပါတယ်။

(၄) အကြောလျော့ပါ

Source : Freepik

အိပ်ငိုက်လာတဲ့အခါ အကြောလျော့လေ့ကျင့်ခန်းကို မိနစ်အနည်းငယ်လောက်လုပ်ပေးပါ။ အကြောလျော့ခြင်းက ခန္ဓာကိုယ်သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး endorphins ဟော်မုန်းတွေ ထုတ်လွတ်ပေးပါတယ်။ ဒါကြောင့် ညဘက်အလုပ်လုပ်ရင်း စာကြည့်ရင်း ညောင်းညာပြီး အိပ်ငိုက်လာချိန်မှာ မိနစ်အနဉ်းငယ်လောက် အကြောလျော့ပေးလိုက်မယ်ဆိုရင် ပြန်လည်စိတ်ကြည်လင် လန်းဆန်းလာမှာဖြစ်ပြီး အိပ်ငိုက်ခြင်းတွေ လျော့နည်းစေမှာ ဖြစ်ပါတယ်။