ကျန်းမာခြင်းကို လာဘ်ကြီးတစ်ပါးလို မြင်ဖို့ အခုခေတ်က အကောင်းဆုံးဥပမာပါပဲ။ ရောဂါဘယတွေ များလှတဲ့ ဒီနေ့ကာလမှာ ကျန်းကျန်းမာမာ အဖျားအနာကင်းကင်းနဲ့ နေနိုင်ဖို့က ဒေါ်လာသန်းနဲ့ချီ ချမ်းသာဖို့ထက် အရေးကြီးကြောင်း လူတွေ လက်ခံလာကြပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ကွီးပရိသတ်ကြီးအတွက် ကျန်းမာခြင်းလက်ဆောင် နည်းလမ်းတချို့ မျှဝေပေးချင်ပါတယ်။

(၁) SMART ကျန်းမာရေးရည်မှန်းချက်တွေ ထားပါ

jogging-couple

Photo: Freepik

SMART ဆိုတာ တိကျသော Specific ၊ လက်ဆုပ်လက်ကိုင် တိုင်းတာပြနိုင်သော Measurable ၊ ဖြစ်မြောက်နိုင်သော Achievable ၊ လက်တွေ့ကျသော Realistic နဲ့ အချိန်ကာလအတိုင်းအတာ ရှိသော Time-Sensitive ဆိုတဲ့ စကားလုံးတွေကို အတိုကောက်ပြောထားတဲ့ စကားလုံးဖြစ်ပါတယ်။ SMART Goal ဆိုတာကတော့ ကာလကန့်သတ်ချက်ရှိပြီး တကယ်ဖြစ်မြောက်အောင်မြင်နိုင် ၊ လက်တွေ့ရလဒ်ပြနိုင်ပြီး တိကျသေချာတဲ့ ပန်းတိုင်ကို ပြောတာပါ။

ကျန်းမာရေးရည်မှန်းချက်တွေ ထားရာမှာလည်း SMART Goals တွေ ထားဖို့ လိုပါတယ်။ ဥပမာ- ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဘက်မှာ ကိုယ့်ကျန်းမာရေးပန်းတိုင်က ဘာလဲ ၊ အာဟာရပြည့်ဝစွာ စားဖို့ ဘယ်လိုလုပ်ထားသလဲ။ လူမှုဆက်ဆံရေးမှာ အဓိက ဘယ်လို သဘောထားတွေ ထားရမလဲ။ အိပ်ရေးဝအောင် ဘယ်လို စီစဉ်ထားသလဲ စသည်ဖြင့် အလုပ်သဘောပါတဲ့ ရည်မှန်းချက်တွေ ထားတာ ဖြစ်ပါတယ်။

နမူနာတစ်ခု ပြောရရင် ဒီတစ်ပတ်တော့ အားကစားလေး လုပ်ဦးမယ် ဆိုတဲ့ ပန်းတိုင်ထားတာထက် တစ်ရက်ကို မိနစ် ၃၀ နဲ့ တစ်ပတ် ၅ ကြိမ် သုံးလအထိ လမ်းလျှောက်မယ် ဆိုတာမျိုးကို SMART Goals လို့ ပြောတာပါ။ ဒီပန်းတိုင်အတိုင်း တကယ်လုပ်ဖြစ်သလားဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် ခြေရာခံ စောင့်ကြည့်မှုတွေ ဆန်းစစ်မှုတွေ လုပ်ပေးဖို့လည်း လိုပါတယ်။

(၂) ရိုးရှင်းတဲ့ Diet စားပါ

steaming-boiling-pot-electric-oven-kitchen

Photo: Freepik

အစားအသောက်ကို ရိုးနိုင်သမျှ ရိုးရိုးစားတာက အသက်ရှည်ကြောင်းနည်းလမ်းကောင်းတစ်ခုပါပဲ။ လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့ အစားအသောက်က သိပ်ကို အရေးပါပါတယ်။ အစားအသောက်က ကျန်းမာရေးကို အဆုံးအဖြတ်ပေးနိုင်တယ်လို့တောင် ပြောချင်ပါတယ်။ အစားအသောက် ရွေးချယ်မှု ၊ စားသောက်တဲ့ ပုံစံနဲ့ စားတဲ့အချိန်ကာလက ကျန်းမာရေး ကောင်း/မကောင်း ဖြစ်အောင် ဆုံးဖြတ်ပေးနိုင်ပါတယ်။

ကျန်းမာဖို့အတွက် ကော်ဖီ ၊ လက်ဖက်ရည် သောက်မယ်ဆိုရင် သကြားလျှော့သောက်ပါ။ ဆီကြော်စာတွေ တတ်နိုင်သမျှ ရှောင်ပါ။ အသင့်စား စားသောက်ကုန်တွေ ၊ သကြားဓါတ်မြင့်တဲ့ အစားအစာတွေ ၊ ကွတ်ကီး ၊ ဘီစကစ် ၊ အာလူးကြော် ၊ ဆိုဒါနဲ့ အချိုစာတွေ စားတာ လျှော့ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ ၊ သစ်သီးခြောက်တွေ ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံတွေ ၊ အစေ့အဆံ ၊ နို့ထွက်ပစ္စည်း ၊ အဆီနည်းအသားငါးတွေ စားပေးပါ။

အစားအသောက်ကိုလည်း နည်းနည်းနဲ့ အကြိမ်ရေ တိုးစားတာမျိုး လုပ်ပါ။ Stress ကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ မစားဖြစ်အောင် စိတ်ဖိစီးမှုနည်းတဲ့ လူနေမှုပုံစံထားပါ။ တရားထိုင်တာ ၊ သီချင်းနားထောင်တာ ၊ စာဖတ်တာတွေ လုပ်ပြီး စိတ်ကို အေးချမ်းအောင် ထားပါ။ ရေဓါတ်ပြည့်ဝအောင် တစ်နေ့တစ်နေ့ ရေများများ သောက်ပေးပါ။

(၃) သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှားနေပါ

young-man-runner-tying-shoelaces

Photo: Freepik

ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း နေနိုင်ဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးဖို့ ပြောချင်ပါတယ်။ Gym မှာ သွားပြီး ဝိတ်မမှ အားကစား လုပ်တာ မဟုတ်ပါဘူး။ ကျန်းမာရွှင်လန်းဖို့ဆို ပုံမှန်လမ်းလျှောက်မှု လုပ်တာ ၊ စက်ဘီးစီးတာ ၊ ယောဂကစားတာ ၊ ဓါတ်လှေကားအစား ရိုးရိုးလှေကားထစ်တွေသုံးပြီး တက်တာ ၊ ဥယျာဉ်စိုက်တာ ၊ ကခုန်တာ စတာတွေက ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကျန်းမာရွှင်လန်းစေနိုင်ပါတယ်။

(၄) အိပ်ရေးဝအောင် ဂရုစိုက်ပါ

lazy-man-waking-up-his-bedroom

Photo: Freepik

စိတ်ကို ချမ်းသာအောင် ထား ၊ အိပ်ရေးကို မှန်အောင်နေရင် တော်ရုံစိတ်ထိခိုက်မှုတွေ အဖြစ်နည်းပါတယ်။ ခန္ဓာကိုယ်ဟာ အိပ်စက်မှုမှာ တော်တန်ရုံ ဒဏ်ချက်တွေ ကုစားမှု လုပ်ပါတယ်။ လူကို အနားပေးခြင်းဟာ စိတ်ရော ရုပ်ပါ ပြန်ကောင်းအောင် တည်ဆောက်လိုက်တာပါပဲ။ စိတ်လက်ကြည်သာပြီး ကျန်မာရေးနဲ့ ညီညွတ်ဖို့ဆို တစ်ရက်ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ပေးသင့်ပါတယ်။