သင့်အလုပ်က သင် အလုပ်စဝင်ကတည်းက အိမ်မှာပဲ လုပ်နေရတဲ့အလုပ်လား။ ဒါမှမဟုတ် ကိုဗစ်ကြောင့် Work From Home ဖြစ်သွားပြီး အိမ်မှာပဲ လုပ်နေရတာလား။ အိမ်မှာအလုပ်လုပ်ခြင်းသည် ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေတတ်ပါတယ်။

ကောင်းကျိုးတွေကတော့ ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေးအလုပ်လုပ်ရတဲ့အတွက်ကြောင့် သွားစရိတ်၊ လာစရိတ် သက်သာမယ်၊ ကားတိုးစီးခြင်းကြောင့် ပင်ပန်းရခြင်း၊ ကားပိတ်ခြင်းဒဏ်တွေမှ ကင်းဝေးပြီး ဆိုးကျိုးကတော့ မိမိရဲ့ကိုယ်ပိုင်အချိန်တွေ မိမိရဲ့အားလပ်ချိန်တွေ ထိခိုက်သလို ခံစားရတတ်ပါတယ်။

ဒါဆိုရင် မိမိရဲ့အလုပ်နဲ့ မိမိအတွက် အားလပ်ချိန်ကို မျှတအောင် ဘယ်လိုအလုပ်လုပ်ရမလဲ။ အလုပ်တွေ သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင် ဘယ်လိုလုပ်သင့်သလဲဆိုတဲ့နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

မိမိအလုပ်လုပ်မယ့်နေရာ သီးသန့်ဖန်တီးပါ

tips for men who work from home

အလုပ်လုပ်မယ့်နေရာကို သီးသီးသန့်သန့်ဖယ်ထားခြင်းအားဖြင့် အလုပ်ထဲမှာ အာရုံစိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ တိတ်ဆိတ်တဲ့နေရာမျိုး ရွေးချယ်ပါ။ သင့်အိမ်မှာ ကလေးငယ်များ ရှိရင်လည်း သင် အလုပ်လုပ်နေတဲ့အချိန် လာမနှောင့်ယှက်အောင် ကြိုပြောထားပါ။ သင် အလုပ်လုပ်တဲ့အချိန် အခန်းတံခါးပိတ်ထားလို့ရရင် ပိတ်ထားလိုက်ပါ။ ဒါမှ သင့်အိမ်သားတွေလည်း သင် အလုပ်လုပ်နေတဲ့အချိန်မှာ အိမ်အလုပ်တွေ မခိုင်းမှာဖြစ်ပါတယ်။

အလုပ်လုပ်မယ့်အချိန် အလုပ်သိမ်းမယ့်အချိန်တို့ကို သတ်မှတ်ထားပါ

tips for men who work from home

အလုပ်ကို ဘယ်အချိန်စလုပ်မယ်။ ဘယ်အချိန်မှာတော့ နေ့လည်စာ စားမယ်။ ဘယ်အချိန်မှာ အလုပ်နားမယ် စသည်ဖြင့် စည်းမျဉ်းတစ်သမှတ်တည်း ချမှတ်ထားပါ။ အိမ်မှာ အလုပ်လုပ်ရလို့ဆိုပြီး နေ့လည်နေ့ခင်းအထိ အိပ်ပစ်လိုက်တာမျိုး၊ တစ်နေကုန် အချိန်ရတာပဲဆိုပြီး နေ့လည်နေ့ခင်းမှာ အကြာကြီး အနားယူပစ်လိုက်တာမျိုး မလုပ်ပါနဲ့။ နည်းနည်း နည်းနည်းနှင့် အလုပ်တွေ ပုံလာရင် သင်ပဲ စိတ်ဖိစီးနေရမှာပါ။

Notifications အသံ ပိတ်ထားပါ

tips for men who work from home

သုတေသနလေ့လာချက်များအရ သင့်ရဲ့စမတ်ဖုန်းတစ်လုံးသည် တစ်ရက်လျှင် နိုတီပေါင်း ၄၆ ခုတက်ပြီး တစ်ရက်လျှင် မိမိဖုန်းကို ၅၈ ကြိမ်နှင့်အထက် စစ်ကြည့်လေ့ရှိကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ သင့်အလုပ်ကိစ္စနဲ့ မစပ်ဆိုင်ဘူးဆိုရင် ဆိုရှယ်မီဒီယာများကို အသံပိတ်ထားပါ။ အလုပ်လုပ်နေစဉ်အတောအတွင်းမှာ အလုပ်ကို အာရုံစိုက်နိုင်ဖို့ရန်အတွက် ဖုန်းကို Silent လုပ်ထားလိုက်ပါ။

အပြင်ထွက်ပါ

tips for men who work from home

ခဏတဖြုတ်နားချိန်မှာ ဝရန်တာခဏထွက်ပြီး လေကောင်းလေသန့်ရှူရှိုက်ပါ။ အလုပ်ပြီးချိန်မှာလည်း အပြင်ဘက်သို့ လမ်းထွက်လျှောက်တာမျိုး၊ စက်ဘီးစီးတာမျိုး (သို့) အားကစားပြုလုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အပြင်ထွက်ခြင်းက မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။

Photo Source: Freepik.com

Source: Lifesize.com