လူတော်တော်များများအတွက် အဆိုးမြင်ခြင်းကိုက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို တွယ်ကပ်ငြိပါနေတတ်ပါတယ်။ တကယ်က ကျွန်တော်တို့နေ့စဉ်ဘဝမှာ မြင်နေကျအရာတော်တော်များများက ပျော်စရာမကောင်းလှပါဘူး။ လူမှုကွန်ရက်တွေနဲ့ သတင်းစာတွေမှာ တက်လာတဲ့ သတင်းအချက်အလက်တွေ အများစုကလည်း Negative ဆန်နေတာပါပဲ။

ဘာပဲဖြစ်ဖြစ် ဘဝမှာ ကြုံသမျှကို စိတ်ထဲမှာ မကောင်းမြင်နေခြင်းဟာ တကယ်ပင်ပန်းဖို့ ကောင်းပါတယ်။ မကောင်းမြင်တဲ့ အလေ့အကျင့်စွဲသူဟာ Positive Attitude ရှိသူလောက်တော့ အဆင်ပြေမနေပါဘူး။ အကောင်းမြင်တတ်ခြင်းက သင့်ကို စိတ်သက်သာရာရစေသလို ကောင်းမွန်တာတွေပဲ လုပ်ဖြစ်လာစေပါတယ်။အဆိုးမြင်နေတဲ့ သဘာဝကို တိုက်ထုတ်ပြီး တစ်နေ့ထက် တစ်နေ့ ပိုပြီး အကောင်းမြင်စိတ်များသူ ဖြစ်ချင်တယ်ဆိုရင် ဒီအလေ့အကျင့်လေးတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။

(၁) ကျေးဇူးတင်တတ်ပါစေ

Photo: Ethics Sage

ကျေးဇူးတရားကို သိရှိချီးမွမ်းတတ်တဲ့ အလေ့အကျင့်ဟာ သင့်ရဲ့ လူနေမှုပုံစံကို ပြောင်းသွားစေနိုင်ပါတယ်။ လောကကြီးကို ကျေးဇူးတင်စရာအဖြစ် မြင်လိုက်တာနဲ့ သင်ဟာ ပိုမိုကောင်းမွန်တဲ့ ဘဝဆီ ခြေတစ်လှမ်းတိုးသွားတာပဲ ဖြစ်ပါတယ်။

(၂) အဆိုးမြင်တဲ့အကြောင်းရင်း ရှာပါ

Photo: Pexels

တစ်ခုခုကို မကောင်းမြင်လာပြီဆိုရင် ငါဘာကြောင့် အခုလို မကောင်းမြင်နေရသလဲဆိုတာ ကိုယ့်ဘာသာစိစစ်သင့်ပါတယ်။ အဆိုးမြင်ခြင်းဟာ အကြောင်းရင်းကို ရှာထုတ်ပြီး ဖြတ်တောက်ခြင်း မပြုသေးသရွေ့ ပိုပိုဆိုးလာဖို့ပဲ ရှိမှာပါ။

(၃) တရားမှတ်ပါ

Photo: Medical News Today

လူတွေဟာ အချိန်ပြည့် မကောင်းမြင်နေတာချည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း စိတ်ကို ဖြူအောင် ဆေးကြောသန့်စင်နေသူတွေကတော့ ပိုပြီး အကောင်းမြင်တာ အမှန်ပါပဲ။ သတိနဲ့ယှဉ်တဲ့ စိတ်မွေးခြင်း ၊ တရားအားထုတ်ခြင်းဟာ အကောင်းမြင်စိတ် ထက်သန်စေပြီး အဆိုးမြင်ခြင်း လျော့ပါးစေနိုင်ပါတယ်။

(၄) ကျန်းမာရေး လိုက်စားပါ

Photo: Pexels

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်း ၊ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားခြင်း ၊ လေကောင်းလေသန့် ရှုရှိုက်ခြင်းတို့ဟာ စိတ်ဖိစီးမှုကို လျှော့ချပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း ကြံ့ခိုင်ကျန်းမာစေလို့ နေ့စဉ်အချိန်ဇယားမှာ ထည့်ပြီး ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

(၅) သင့်အကြောင်းသင် သိနေပါ

Photo: Pexels

စိတ်ကသိကအောက် ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုက သင်ထိန်းချုပ်နိုင်တာနဲ့ မထိန်းချုပ်နိုင်တာ မကွဲလို့ပါ။ တစ်ချို့အရာတွေကို တုန့်ပြန်စရာမလိုသလို ဆုပ်ကိုင်ထားဖို့လည်း မဖြစ်နိုင်ပါဘူး။ သင့်အနေနဲ့ တတ်နိုင်သရွေ့ အကောင်းဆုံး လုပ်ပြီး အကောင်းမြင်စိတ်နဲ့ နေထိုင်တာ အမှန်ဆုံး လမ်းပါပဲ။ဘယ်အရာကိုမှ အများကြီး ကြိုတင် မျှော်လင့်နေတာမျိုး မလုပ်မိပါစေနဲ့ ။ ဝမ်းနည်းစရာပဲ ဖြစ်ဖြစ် ဝမ်းသာစရာပဲ ဖြစ်ဖြစ် ကြုံလာတဲ့အခါ မျှတတဲ့ စိတ်ထားနဲ့ လက်ခံဖို့ ကြိုးစားသင့်ပါတယ်။