အပေါင်းအဖော်ဆိုလို့ မယ်မယ်ရရမရှိ။ တစ်ယောက်တည်း နေတတ်သူတစ်ယောက်ဟာ အချိန်ကြာလာတာနဲ့အမျှ လူ့အဖွဲ့အစည်းနဲ့ ကင်းလွတ်နေသူ ဖြစ်လာမှာပါ။ လူ့အဖွဲ့အစည်းနဲ့ အစေးမကပ်သူတစ်ယောက်ဟာ ပျော်ရွှင်အောင်မြင် အဆင်ပြေတဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ ခက်ပါတယ်။ ဒီလို သီးသီးသန့်သန့် နေလွန်းတဲ့ အကျင့်ကြီး ကိုယ့်မှာ စွဲကပ်နေပြီးဆိုရင် အမြန်ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရမှာက ဘာကြောင့် လူတွေနဲ့ ရှောင်ဖယ်ချင်ရတာလဲ ဆိုတာပါပဲ။

Photo: Freepik

ကိုယ့်မှာ သူငယ်ချင်းတွေ ဆုံးရှုံးသွားလို့လား။ ကိုယ့်ရဲ့ အနီးဆုံး သူငယ်ချင်းတွေ ကိုယ့်နားမှာ မရှိရင်လည်း လူတွေနဲ့ ခင်ခင်မင်မင် မနေချင်တဲ့ စိတ် ဖြစ်တတ်ပါတယ်။ ကိုယ်လက်ရှိ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ကြီးက ကိုယ်နဲ့ သဟဇာတမဖြစ်တာတွေ ရှိသလား။ ဒါမှမဟုတ် ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဒုက္ခရောက်စေတဲ့ လူတွေနဲ့ပဲ တွေ့နေမိလို့လားဆိုတာ ပြန်ကြည့်ပါ။

တကယ်လို့ လူတွေနဲ့ ခပ်ကင်းကင်း နေချင်တဲ့ အကြောင်းရင်းကို သိသွားပြီဆိုရင် ပြဿနာတွေ ဖြေရှင်းရတာ ပိုပြီး နီးစပ်မှန်ကန်မှု ရှိလာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ပြီး အဆက်အသွယ်လုပ်ပါ။ သူငယ်ချင်းမိတ်ဆွေဟောင်းတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောဖြစ်မယ် ၊ တွေ့ဖြစ်မယ်ဆိုရင် ကိုယ့်ရဲ့ လူမှုဆက်ဆံရေးပုံစံဟာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

Photo: Freepik

နောက်တစ်ဆင့်က မိတ်ဆွေသစ်တွေ ရှာဖွေဖို့ ဖြစ်ပါတယ်။ မိတ်ဆွေသစ်တွေ ရှာဖို့အတွက် လွယ်ကူတဲ့အချက်က သူငယ်ချင်းဟောင်းတွေနဲ့ မကြာခဏတွေ့ဆုံရင်းကနေ မိတ်သစ်ဆွေသစ်တွေ ရလာနိုင်ပါတယ်။ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ပေါင်းလို့သင်းလို့ ကောင်းမယ့် သူငယ်ချင်းသစ်တွေရှိခြင်းဟာ လူမှုဆက်ဆံရေးမှာ ယုံကြည်မှုပိုမြင့်လာနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်တစ်ယောက်တည်း ဆိုတဲ့ အထီးကျန်ခံစားမှုကနေ လွတ်မြောက်နိုင်ဖို့ မိတ်ဆွေသစ်တွေ ရှာ ၊ မိတ်ဆွေဟောင်းတွေနဲ့ ပေါင်းသင်း ဖို့ လိုသလို ကိုယ့်စိတ်ဓါတ်ကိုလည်း အပေါင်းအသင်းနဲ့ ဖြစ်ဖြစ် တစ်ယောက်တည်းပဲ နေနေ ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီညီ နေနိုင်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။