သင်က အချိန်ဖြုန်းတတ်တဲ့သူတစ်ယောက်ဆိုရင် အနားနီးမှ ကပ်လုပ်တတ်တဲ့အကျင့်ကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှုနဲ့ ရင်းနှီးကျွမ်းဝင်နေပါလိမ့်မယ်။ မိမိလုပ်စရာရှိတာတွေကို ကြိုတင်ပြီးမြောက်အောင် လုပ်ဆောင်ချင်ပေမယ့် အချိန်ဖြုန်းတတ်တဲ့ အကျင့်က စွဲကပ်နေတယ်ဆိုရင်တော့ ဒီအချက်များအသုံးပြုပြီး အချိန်ဖြုန်းတတ်တဲ့အကျင့်ကို တွန်းလှန်နိုင်ပါတယ်။
မိမိကိုယ်ကို အပြစ်မတင်ပါနဲ့
အချိန်ရှိတုန်းက မလုပ်မိလိုက်လေခြင်းဆိုပြီး နောင်တရမယ့်အစား မိမိမှာ ကျန်ရှိနေတဲ့ အချိန်ကို အကျိုးရှိအောင် အသုံးပြုပြီး စိတ်အေးအေးထားကာ လုပ်ဆောင်စရာ ရှိတာများက လုပ်ဆောင်ပါ။ မိမိကိုယ်ကို ဒေါသမထွက်ဘဲ အလုပ်ပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပါ။
၁၅ မိနစ်သာ အချိန်ပေးပါ
တစ်နာရီကြီးများအောင် လုပ်ရဦးမယ်၊ နှစ်နာရီလောက်တောင် လုပ်ရမှာပါလား ဆိုပြီး တွေးနေမယ့်အစား ၁၅ မိနစ်အတွင်း တစ်ဖြတ် ပြီးအောင်လုပ် ၂ မိနစ်ခန့်နား နောက်ထပ် ၁၅ မိနစ်ခန့် လုပ် ၂ မိနစ်နား ဆိုတဲ့ပုံစံအတိုင်း အလုပ်လုပ်မယ်ဆိုရင် ဝန်ပိမှာ မဟုတ်တော့ပါဘူး။
အခက်ခဲဆုံးအရာကနေ စတင်ပါ
အလုပ်တစ်ခုကို စစလုပ်ချင်းအချိန်က အာရုံစူးစိုက်မှု အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စလုပ်မယ့်အချိန်မှာ အခက်ခဲဆုံးအရာကို ဦးစားပေးပါ။ ထိုမှတဆင့် လွယ်ကူတဲ့အရာကို ဖြည်းဖြည်းချင်းစီ ဆက်လုပ်သွားရပါမယ်။
ခေါင်းစဉ် ခွဲထားပါ (သို့) ပန်းတိုင်ငယ်များ ချမှတ်ထားပါ
မိမိလုပ်ရမယ့် ပရောဂျက်ကြီးတစ်ခုလုံးကိုပဲ စိတ်ထဲစွဲနေခြင်းက အချိန်စွဲတတ်တဲ့အကျင့်ကို ပိုဆိုးစေပါတယ်။ လုပ်ရမယ့်အရာက ကြီးမားလွန်းတာကြောင့် မလုပ်ချင်ဖြစ်လေ အချိန်စွဲလေပါပဲ။ ဒါ့ကြောင့် ထိုပရောဂျက်ကြီးတစ်ခုလုံးကို ပရောဂျက်ငယ်လေးတွေ ခွဲပြီး ဖြည်းဖြည်းချင်းစီ လုပ်သွားမယ်ဆိုရင် အလုပ်ပြီးမှန်း မသိ ပြီးသွားပါလိမ့်မယ်။
မိမိကိုယ်ကို အားပေးပါ
မိမိကိုယ်ကို အားပေးခြင်းက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အပြည့်ရစေတဲ့အပြင် မိမိရဲ့ရည်မှန်းချက်ကိုလည်း ပြီးမြောက်စေပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှု ရှိနေမယ်ဆိုရင် အရာအားလုံးကို ကျော်လွှားနိုင်မယ်ဆိုတာ မလွဲဧကန်ပါပဲ။
Photo Source: Freepik.com
Source: Wikihow.com