လူတွေနဲ့အတူ နေရတဲ့ လူထဲကလူ တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ လူမှုဆက်ဆံရေးမှာ အထစ်အ‌ငေါ့လေးတွေ ကြုံတတ်ကြပါတယ်။ လူမှုဆက်ဆံရေးမှာ ကြုံရတဲ့ ပြဿနာတွေထဲက တစ်ခုက “ငါ”ဆိုတဲ့ Personal ကို ထိခိုက်တယ်လို့ ခံစားရာကနေ ဖြစ်တတ်ကြတာ များပါတယ်။ ကိစ္စတွေကို Personal ဆန်ဆန် မြင်တာ များရင် အဆင်ပြေဖို့ ခက်ပါတယ်။ ဒီတော့ ကိုယ်ရေးကိုယ်တာမပါဘဲ ကိစ္စတွေကို ဆုံးဖြတ်နိုင်ဖို့ Personal စွဲတွေကို ဖြေဖျောက်ရအောင် နည်းလမ်းတချို့ မျှဝေပေးချင်ပါတယ်။

(၁) အခုကိုယ်နဲ့ ဆက်ဆံနေရသူရဲ့ ကိုယ့်အပေါ် အဓိပ္ပါယ်ကို ပြန်ကြည့်ပါ

Photo: Freepik

ကျွန်တော်တို့ Focus ထားတဲ့အရာကိုပဲ တကယ်မြင်ကြတာပါ။ လူတစ်ယောက်နဲ့ ဆက်ဆံရာမှာ သူ့ရဲ့ ဘယ်အပိုင်းကို Focus ထားမိသလဲဆိုတာကို ပြန်စဉ်းစားပါ။ တစ်ဆက်တည်းပဲ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးက ဘယ်လိုအဓိပ္ပါယ်ရှိသလဲ။ ကိုယ့်စိတ်ထဲ ထင်သလိုချည်းပဲ သူ့ကို မစဉ်းစား မဆင်ခြင်ဘဲ ဆက်ဆံလို့ ဖြစ်သလား။ သူနဲ့ကိုယ်ဆက်ဆံရေးက တစ်ရက်တစ်မနက်စာ ဆက်ဆံရေးဟုတ်လို့လား။

(၂) တစ်ဖက်လူလို တွေးကြည့်ပါ

Photo: Freepik

နောက်တစ်နည်းက Focus ပြောင်းကြည့်တတ်ဖို့ ဖြစ်ပါတယ်။ ကိုယ့်အမြင်ကို ရှေ့တန်းတင်ပြီး ဆုံးဖြတ်ပါ များရင် အတ္တကြီးတဲ့သူတစ်ယောက်ဖြစ်လာပြီး ပေါင်းသင်းဆက်ဆံရေး အဆင်မပြေဖြစ်ရုံကလွဲပြီး ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ “သူ့နေရာမှာ ငါသာဆိုရင်” ဆိုတဲ့ အမြင်နဲ့လည်း ကြည့်တတ်မှ ဆက်ဆံရေး ပိုပြီးပြေပြစ်ချောမွေ့လာမှာပါ။

(၃) ကိုယ်နဲ့ ကိုယ့်တုံ့ပြန်ချက်တွေအကြား နေရာလွတ်ထားပါ

Photo: Freepik

သဘောက တစ်ခုခုကို စိတ်ခံစားချက်အတိုင်း မတုံ့ပြန်ခင်မှာ အရင်ဆုံး ကိုယ့်ခံစားချက်ကို ပြန်အကဲဖြတ်ဖို့ အချိန်ယူတာပါပဲ။ အသိစိတ်မဲ့ တုံ့ပြန်ပြောဆိုတာထက် အသိစိတ်ရှိရှိနဲ့ ရှေ့နောက် တိုင်းထွာပြီး ဉာဏ်ပါပါ တုံ့ပြန်ဖို့ လိုပါတယ်။ ဒီနည်းနဲ့ မဖြစ်သင့်တဲ့ အပြုအမူနဲ့ အပြောအဆိုတွေ မပြုဖြစ် မပြောဖြစ်တော့ပါဘူး။

(၄) ဘယ်တော့မှ ဆုံးဖြတ်ချက်ကို အလျင်စလို မချပါနဲ့

Photo: Freepik

လူအချင်းချင်းဆက်ဆံရေးမှာ တစ်ယောက်အကြောင်းတစ်ယောက် ဘာမှယတိပြတ် မသိရသေးခင်မှာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက် ချလိုက်တာပါပဲ။ အလောတကြီး ဆုံးဖြတ်လိုက်ခြင်းဟာ ပြဿနာရှိပါတယ်။ တချို့လူတွေ တစ်ယောက်ကို တစ်ယောက် တစ်သက်လုံး မုန်းသွားစေတဲ့ အချက်တစ်ခုကလည်း မဆင်မခြင် ဆုံးဖြတ်ချက်ချလိုက်ခြင်းပဲ ဖြစ်တတ်ပါတယ်။