ကျွနု်ပ်တို့ရဲ့ဘဝမှာ တစ်ကြိမ်ကြိမ်တော့ မလိုအပ်ဘဲနဲ့ ပိုက်ဆံဖြုန်းမိတတ်ကြပါတယ်။ မုန့်စားရင်းနဲ့ ပိုက်ဆံထွက်သွားတာမျိုး၊ အင်္ကျီအဝတ်အစားနဲ့ အခြားအသုံးအဆောင်များကို အလွန်အကျွံ ဝယ်မိရာကနေ လက်ထဲ ပိုက်ဆံတစ်ကျပ်မှ မကျန်တော့တဲ့အဖြစ်မျိုး ကြုံဖူးကြပါလိမ့်မယ်။
အချိန်ကြာလာသည်နဲ့အမျှ “ငါ ဘယ်တော့မှ ပိုက်ဆံစုလို့မရတော့ပါဘူးလေ” ဆိုပြီး စိတ်ဓာတ်ကျကာ မထူးဇာတ်ခင်းပြီး ပိုက်ဆံဖြုန်းမိလာတတ်ပါလေရော။ မိမိစိတ်ကို အလိုလိုက်မိခြင်းကြောင့် ရေရှည်မှာ သင်ကိုယ်တိုင်ပဲ ဒုက္ခရောက်ရမှာပဲဖြစ်ပါတယ်။ ပိုက်ဆံလိုတဲ့အချိန်ကျမှ သူတစ်ပါးဆီက လိုက်ချေးရတာကလည်း မျက်နှာငယ်လွန်းရပါတယ်။
ဒါ့ကြောင့် မိမိအသုံးလိုတဲ့အချိန်မှာ လုံလောက်တဲ့ပိုက်ဆံပမာဏများ လက်ထဲမှာရှိနေအောင် ပိုက်ဆံကို မဖြုန်းဘဲ ဘယ်လိုစုဆောင်းရမလဲဆိုတဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။
အချိန်တစ်ခုစောင့်ဆိုင်းပါ

ပစ္စည်းတစ်ခုက အင်မတန်လိုချင်လွန်းလို့ ဝယ်ချင်တယ်ဆိုရင်တော့ ချက်ချင်းမဝယ်သေးဘဲ အနည်းဆုံးတစ်ရက်ခန့်စောင့်ပါ။ ထိုကဲ့သို့ စောင့်ဆိုင်းနေစဉ်အတွင်းမှာ ဒီမေးခွန်းနှစ်ခုကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
“ဒီပစ္စည်းကို ငါ အမှန်တကယ်လိုအပ်ရဲ့လား” ၊ “ဝယ်ပြီးလို့ တစ်ပတ်ကြာ၊ တစ်လကြာ၊ ခြောက်လကြာ၊ တစ်နှစ်ကြာတဲ့အချိန်အထိ ထိုပစ္စည်းက အသုံးတည့်ရဲ့လား”။ သင့်အတွက် လိုအပ်တာနဲ့ လိုချင်တာကို ကွဲကွဲပြားပြား ခွဲခြားထားရပါမယ်။
ဝယ်စားမယ့်အစား ချက်စားပါ

စားသောက်ဆိုင်မှာ စားချင်တယ်ဆိုရင်တောင် တစ်လမှ တစ်ကြိမ်လောက်သာ စားသင့်ပါတယ်။ အပြင်စာတွေ စားခြင်းက အိမ်မှာ ကိုယ့်ဘာသာကိုယ် ချက်စားတာထက် ငွေကုန်ကြေးကျပိုများပါတယ်။ အထူးသဖြင့် သူငယ်ချင်း ပိုများလေ ငွေပိုကုန်လေပါပဲ။ ဒါ့အပြင် ကျန်းမာရေးနဲ့လည်း မညီညွှတ်ပါတယ်။ ဒါ့ကြောင့် အပြင်စာတွေ စားမယ့်အစား အိမ်မှာ ကိုယ့်ဘာသာကို ချက်စားလိုက်ပါ။
ဖုန်းဘေလ် ခြွေတာပါ

အရေးတကြီးကိစ္စ၊ အလုပ်ကိစ္စကလွဲပြီး ဖုန်းပြောခြင်း၊ ငယ်ချင်းများနဲ့ တောင်စဉ်ရေမရ ဖုန်းပြောမယ်ဆိုရင် Messenger ကနေပဲဖြစ်ဖြစ် Viber ကနေဖြစ်ဖြစ် Wifi ချိတ်ကာ ဖုန်းပြောမယ်ဆိုရင် ဖုန်းဘေလ်အကုန်သက်သာပါတယ်။
ဝင်ငွေရဲ့သုံးပုံတစ်ပုံကို စုဆောင်းပါ

ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုထားပါ။ ဝင်ငွေထက် ထွက်ငွေက ပိုများနေမယ်ဆိုရင်တော့ သေချာပါတယ် သင့်မှာ အကြွေးတွေ ဝိုင်းနေပါတော့မယ်။ အကြွေးပတ်လည် မဝိုင်းဖို့ရန်အတွက် မိမိရဲ့ဝင်ငွေကို သေချာစီစစ်ပါ။ မလိုအပ်သောအရာများကို လျော့ချပစ်ပါ။ ဒါ့အပြင် ဝင်ငွေရဲ့သုံးပုံတစ်ပုံကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ခြစ်ကုပ်စုဆောင်းရပါမယ်။
အိမ်ကထွက်တဲ့အခါ အကြွေးဝယ်ကဒ်များ၊ ဘဏ်ကဒ်များကို အိမ်မှာ ထားခဲ့ပါ
မိမိလက်ထဲမှာ ဘဏ်ကဒ်တွေ ရှိနေမယ်ဆိုရင် အပြင်သွားတာနဲ့ မြင်သမျှပစ္စည်းတိုင်းကို ဝယ်ချင်စိတ်ပေါက်နေပါလိမ့်မယ်။ ဘဏ်ကဒ်များကို အိမ်မှာ ချန်ခဲ့တာက ဘေးအကင်းဆုံးပဲဖြစ်ပါတယ်။ ခရီးစရိတ်နဲ့ အရေးပေါ်အသုံးစရိတ်အနည်းငယ်လောက်သာ ဆောင်သွားသင့်ပါတယ်။
အထက်ဖော်ပြပါအချက်များက ပိုက်ဆံများ စုဆောင်းမိဖို့ရန်အတွက် ကူညီပေးပါလိမ့်မယ်။
Source: Moneysavingexpert.com

