ဆံပင်ညှပ်ဆိုင်သွားတုန်းက စိတ်ကူးနဲ့ ဆံပင်ညှပ်ပြီး ပြန်လာတဲ့နောက် ခံစားချက်က တူပါသလား။ လူတော်တော်များများဟာ ဆံပင်ညှပ်ဆိုင်ကောင်းကောင်း သွားတာတောင် Hair Style ကောင်းကောင်းထွက်အောင် ကိုယ့်ရဲ့ ဆံသဆရာကို မပြောတတ်တဲ့ ပြဿနာ ရှိတတ်ပါတယ်။
ဆံပင်ပုံစံကောင်းတစ်ခု ရဖို့ဆို ကိုယ့်ဆံပင်ညှပ်ဆရာနဲ့ ပြောတတ်ဆိုတတ် ဆက်သွယ်တတ်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သင်မကြိုက်တဲ့ ဆံပင်ဒီဇိုင်းနဲ့ ဆိုင်အပြင်ဘက် ထွက်လာရပါလိမ့်မယ်။
(၁) အချိန်ယူ စကားပြောပါ
Photo: cremo
တစ်ခါတစ်လေကျတော့ ကိုယ်ညှပ်ချင်တဲ့ ဆံပင်ပုံစံက ကိုယ့်ခေါင်းနဲ့ လိုက်ချင်မှ လိုက်မှာပါ။ ဒါကို Hair Designer က သိပါတယ်။ ဒီတော့ ကိုယ်ညှပ်ချင်တဲ့ ပုံစံပြောပြီး အဲ့ဒီပုံစံနဲ့ ကိုယ့်မျက်နှာ လိုက်မလိုက် ဆိုတာကိုပါ အကြံတောင်းသင့်ပါတယ်။
(၂) ကိုယ်အကြိုက်ဆုံး ဆံပင်ဒီဇိုင်းပုံ ယူသွားပါ
Photo: townsquare
တစ်ချို့ ဆံပင်ပုံစံတွေကို ဆံပင်ညှပ်ဆရာ စိတ်ထဲ မြင်လာအောင် သင်ပြောတတ်မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ ကိုယ်သဘောအကျဆုံး ဆံပင်ဒီဇိုင်းပုံစံလေး ယူသွားတာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဆံပင်မညှပ်ခင် Instagram နဲ့ Pinterest ပေါ်မှာ နည်းနည်းလောက် အချိန်ပေးသင့်ပါတယ်။
(၃) ဘယ်နေရာမှာ ဘယ်လောက်ပါးမယ်ဆိုတာ သေချာပြောထားပါ
Photo: Esquire
ဆံပင်ဒီဇိုင်းအပ်ပြီးတာနဲ့ကိုယ်လိုချင်တာကို အတိအကျ ပြောရတော့မှာပါ။ အပေါ်ကို ဘယ်လောက်ပဲ တိမယ် ဆိုတာနဲ့ နောက်ဘက်ကို အပေါ်ပါးတက်သွားမလား ၊ ခပ်အုပ်အုပ်ထားမလားဆိုတာတွေပါ ပြောပေးဖို့ လိုပါတယ်။
(၄) အသုံးအနှုန်းလေးတွေ ထည့်သုံးပါ
Photo: Freepik
ဆံပင်ညှပ်ဆရာနဲ့ စကားပြောချိန်မှာ သူနားလည်မယ့် အသုံးအနှုန်းလေးတွေနဲ့ ပြောတာက ပိုပြီး မြင်သာစေပါတယ်။ ဘေးနဲ့ အနောက်မှာ Shade ထိုးမလား ၊ ဘေးပါးရုံပဲလား ဒါမှမဟုတ် ဘေးဒေါက်တွေကို နားရွက်အလယ်ထားမလား ၊ လုံးဝ အပြောင် ထိုးလိုက်မလား။
ဒီလိုလေးတွေ အချက်အလက် ပေးထားမယ်ဆိုရင် သင့်ရဲ့ ဆံသဆရာလည်း ဘာလုပ်ရမယ်ဆိုတာ သိသွားပါလိမ့်မယ်။ ဆံပင်ညှပ်ပြီးရင်လည်း ဘေး ၊ အနောက်နဲ့ အပေါ်မှာ ဘာပြင်ဖို့ လိုမလဲ သေချာကြည့်ပြီးမှ ဆိုင်ထဲက ထွက်ဖို့ အကြံပေးချင်ပါတယ်။