လူတွေ သင့်ကို မြင်တဲ့ အမြင်ကို ပြောင်းလဲဖို့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုက သင့်ရဲ့ စတိုင်ကို ပြောင်းတာ ဖြစ်ပါတယ်။ သင့်ကိုယ်သင် ပုံစံပြောင်းလိုက်ခြင်းဟာ သင့်အပေါ် လူတွေရဲ့ အထင်အမြင်ပါ ပြောင်းလဲနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့်ပဲ ဖက်ရှင်နဲ့ စတိုင်ဟာ အမြဲတမ်းဆန်းသစ်နေတာ ဖြစ်ပါတယ်။
ယောင်္ကျားတစ်ယောက်အတွက် စတိုင်ကို မြှင့်ဖို့ ဆိုရင် သိပ်အများကြီးတောင် လုပ်စရာ မလိုပါဘူး။ အခုပြောမယ့် အချက် ၄ ချက်ကို လုပ်ကြည့်လိုက်တာနဲ့တင် သိသိသာသာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဟန် ရှိအောင် လုပ်ပါ

Photo: Freepik

သင်ကိုယ်တိုင်က Brand တစ်ခု ဖြစ်ဖို့ လိုပါတယ်။ သင့်ရဲ့ ပြောပုံဆိုပေါက် ၊ လေယူလေသိမ်းနဲ့ အသုံးအနှုန်း ၊ လမ်းလျှောက်လှုပ်ရှားသွားလာပုံ စတာတွေက သင့်ရဲ့ ကိုယ်ပိုင်ဟန်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။ စတိုင်ဆိုတာ သင့်ရဲ့ ထူးခြားမှုဖြစ်ပြီး သင့်ကို လူတွေ တွဲမှတ်မိစေတဲ့ အရာဖြစ်တယ်ဆိုတာ သိထားစေချင်ပါတယ်။ ဒါကြောင့် သင့်ကို လူတွေ မြင်စေချင်တဲ့ ဟန်ကို သင်ကိုယ်တိုင် တည်ဆောက်သင့်ပါတယ်။

ဖက်ရှင်ဂရုစိုက်ပါ

Photo: Freepik

ဟန် လို့ပြောမယ်ဆိုရင် အဝတ်အစားကလည်း မပါမဖြစ်ပါ။ သင်ဝတ်တဲ့ အဝတ်အစားဟာ သင့်ကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးတဲ့ အရာဖြစ်ဖို့ လိုပါတယ်။ သင်က လူကြီးလူကောင်းပုံစံ ဖြစ်ချင်တာလား ၊ လူငယ်ဆန်ဆန် တက်ကြွလှုပ်ရှားတဲ့ ပုံစံလိုချင်တာလား ၊ ဒါမှမဟုတ် လွတ်လပ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ကွဲပြားမှုမျိုး နေချင်တာလား ။ ဘာပဲဖြစ်ဖြစ် ဖက်ရှင်ကို လိုက်ဖက်အောင် ဆင်ပါ။

ဆံပင်ပုံစံကောင်းကောင်း ညှပ်ပါ

Photo: Freepik

Stylish ဖြစ်ဖို့ဆိုရင် ဆံပင်ပုံစံကိုလည်း မေ့ထားလို့ မရပါဘူး။ ဆံပင်ညှပ်ဆိုင်ကောင်းကောင်းနဲ့ ချိတ်ဆက်ပြီး ပုံကောင်းကောင်း ညှပ်ပါ။ ဆံပင် ၊ မုတ်ဆိတ် ဒီဇိုင်းဟာ သင့်ကို အများကြီး ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် စတိုင်ပိုကျချင်ရင် ဆံပင်မုတ်ဆိတ်အတွက် ပိုက်ဆံအကုန်ခံဖို့ မနှမြောသင့်ပါဘူး။

တစ်ကိုယ်ရည် သန့်ရှင်းမှု အားကောင်းပါစေ

Photo: Freepik

ယောင်္ကျားတစ်ယောက်ဟာ မိတ်ကပ်လိမ်းစရာ မလိုပါဘူး။ ယောင်္ကျားဆန်ဆန် ကြည့်ကောင်းရင် အဆင်ပြေပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်း‌မှုကတော့ အလှအပအတွက်ထက် ကျန်းမာရေးအမြင်အရပါ ဦးစားပေး ဂရုစိုက်သင့်တဲ့ အရာဖြစ်ပါတယ်။ သွားတွေ သန့်ရှင်းကျန်းမာပြီး ခံတွင်းနံ့ မဆိုးအောင် လုပ်မယ်။ အသားအရေ မပျက်စီးအောင် တတ်နိုင်သမျှ ကာကွယ်မယ်။ သန့်သန့်ပြန့်ပြန့် နေခြင်းဟာ သင့်ကို စတိုင်ကျစေတာထက် ပိုပြီး တန်ဖိုးတက်စေတာကြောင့် ဖြစ်ပါတယ်။