ဂျင်းဘောင်းဘီဖက်ရှင်ဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ချမ်းစိမ့်စိမ့်နေ့မျိုးမှာ ဝတ်လို့ကောင်းပေမယ့် ပူလောင်အိုက်စပ်တဲ့နေ့မှာ ဝတ်မိရင်တော့ ဝတ်ထားနေရင်းနဲ့တောင် ဘောင်းဘီလဲဝတ်ချင်စိတ် တဖွားဖွားပေါ်လာမှာပါ။

ဒါပေမဲ့ ဂျင်းဘောင်းဘီပဲ ကြိုက်တယ်၊ ဂျင်းဘောင်းဘီကလွဲရင် ကျန်တာတွေက ဖွဲနဲ့ဆန်ကွဲလို့ မှတ်ယူနေတဲ့ ကိုကိုတို့အတွက် ပူအိုက်တဲ့နေ့မျိုးမှာ အအိုက်သက်သာအောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတဲ့နည်းလမ်းတချို့ကိုဝေမျှပေးချင်ပါတယ်။

အဖြူရောင် ဂျင်းဘောင်းဘီများ ရွေးချယ်ဝတ်ဆင်ပါ။

အမဲရောင် ဂျင်းတွေက အပူစုပ်တဲ့အတွက်ကြောင့် နေပူထဲထွက်တဲ့အခါ ပုံမှန်ထက်ပူလောင်အိုက်စပ်ပါလိမ့်မယ်။ ဒါ့ကြောင့် သဘာဝဆန်ပြီး အရောင်ဖျော့တဲ့ အဖြူရောင်ဂျင်းဘောင်းဘီကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အဖြူရောင် ဂျင်းဘောင်းဘီကို အရောင်ရင့်တဲ့ဖိနပ်နဲ့ တွဲဝတ်ပေးမယ်ဆိုရင်တော့ ဖက်ရှင်အရောင်က အချိုးအစားမျှတပြီး လိုက်ဖက်မှုရှိနေမှာပါ။

လူငယ်ဆန်တဲ့ ဂျင်းဘောင်းဘီအပြဲများ ဝတ်ဆင်ပါ။

ဂျင်းဘောင်းဘီအပြဲတွေကလည်း လူငယ်တွေကြား ရေပန်းစားတဲ့ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ သတိထားရမယ့်တစ်ချက်ကတော့ အပေါက်အပြဲ အရမ်းများတာကို မရွေးချယ်ဖို့ပါပဲ။ အပြဲများလွန်းတဲ့ ဂျင်းဘောင်းဘီတွေက သင့်ရဲ့ဖက်ရှင်ကို ကြည့်ရဆိုးစေမှာပဲဖြစ်ပါတယ်။

ဂျင်းဘောင်းဘီအပွများ ဝတ်ဆင်ပါ။

သာမန်နေ့မျိုးမှာ ဂျင်းဘောင်းဘီအကြပ်တွေကို ဝတ်ဆင်တာ ဖက်ရှင်ကျပေမယ့် ပူအိုက်တဲ့နေ့မျိုးမှာတော့ သင့်ကို နေရထိုင်ရခက်စေပြီး သက်သောင့်သက်သာဖြစ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ရာသီဥတုပူတဲ့နေ့မျိုးမှာတော့ ဂျင်းဘောင်းဘီအပွတွေကို ဦးစားပေးဝတ်ဆင်နိုင်ပါတယ်။

အရောင်ဖျော့သော ဂျင်းဘောင်းဘီများ

ယနေ့ခေတ် ရာသီဥတုက ဆောင်းတွင်းဆိုပေမယ့် နွေရာသီအလား ပူအိုက်လှပါတယ်။ ဒါ့ကြောင့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးခုစလုံးအတွက်အဆင်ပြေမယ့် အရောင်ဖျော့ဂျင်းဘောင်းဘီလေးတွေက သင့်အတွက် ဖက်ရှင်ကျစေမှာပါ။ စောစောက ပြောခဲ့သလိုပဲ အရောင်ရင့်ဂျင်းဘောင်းဘီတွေထက် အရောင်နုဂျင်းဘောင်းဘီတွေက အအိုက်သက်သာပါတယ်။

ဂျင်းဘောင်းဘီရဲ့ အလေးချိန်ကို ထည့်သွင်းစဉ်းစားပေးပါ။

ဂျင်းဘောင်းဘီကို ဝယ်ယူမယ်ဆိုရင် အလေးချိန်သိပ်မရှိတဲ့ ဂျင်းဘောင်းဘီတွေကို သေချာရွေးချယ်သင့်ပါတယ်။ အဝတ်ဆိုင်မှာ ဂျင်းဘောင်းဘီဝယ်တဲ့အခါ ကိုယ်က နှစ်ထည်စလုံးကြိုက်နေတယ်။ ဒါပေမဲ့ ဘယ်အထည်ရွေးရမလဲ မသိဘူးဆိုရင်တော့ ပေါ့ပါးတဲ့ဂျင်းဘောင်းဘီကိုပဲ ဦးစားပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုကိုတို့လည်း ပူအိုက်တဲ့နေ့မျိုးမှာ ဂျင်းဘောင်းဘီနဲ့ အထာကျကျလန်းနိုင်ပြီပေါ့။

Source: Fashionbeans.com