ပန်းရောင်က မိန်းကလေးတွေကို ကိုယ်စားပြုတာ၊ မိန်းကလေးတွေပဲ ပန်းရောင်ကို ဝတ်ဆင်သင့်တာလို့ ယူဆကြပါတယ်။ အမျိုးသားတစ်ယောက်က ပန်းရောင်ဝတ်ဆင်ထားရင် ယောကျာ်းမပီသဘူးဆိုပြီး ပြောဆိုချင်ကြပါတယ်။ တကယ်တော့ အမျိုးသားထုကြီးလည်း ပန်းရောင်ကို ရဲရဲဝံ့ဝံ့ဝတ်ဆင်သင့်ပါတယ်။ ဘာ့ကြောင့် ဝတ်ဆင်သင့်လဲဆိုတာ စာဖတ်သူတို့ သိကြပါသလား။

ပန်းရောင်ဝတ်တဲ့အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိတဲ့သူတွေဖြစ်တယ်လို့ လေ့လာချက်တွေအရသိရှိရပါတယ်။ ၂၀ ရာစုတုန်းကတော့ အမျိုးသားတွေလည်း အမျိုးသားအများစုက ပန်းရောင်ကို နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်ခဲ့ကြတာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပန်းရောင်က အနီရောင်က နီးစပ်မှုရှိတာကြောင့် ရဲရင့်ခြင်းကို ဖော်ဆောင်တယ်လို့ ယူဆခဲ့ကြလို့ပါပဲ။

ဒါပေမဲ့ ၂၀ ရာစုအလယ်လောက်လည်းရောက်ရော ဘာဘီအရုပ်တွေရဲ့ အဝတ်အစားကို ပန်းရောင်တွေ ဆင်မြန်းခဲ့တဲ့နောက်မှာတော့ ပန်းရောင်ဖက်ရှင်ရေစီးကြောင်းက ပြောင်းလဲသွားခဲ့ပါတယ်။

စာဖတ်သူပုရိသတွေရော ပန်းရောင်ကို ဝတ်ဆင်ချင်ကြရဲ့လား။ တကယ်လို့ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။ ဒါမှ အထာကျကျနဲ့ အမိုက်စားစတိုင်လ်ကို ရရှိမှာပဲဖြစ်ပါတယ်။

ပန်းရောင်ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ ဘယ်လိုဆင်မြန်းရမလဲ။

ပန်းရောင်ကို တစ်ကိုယ်လုံးဝမ်းဆက်ဝတ်ဆင်စရာမလိုပါဘူး။ ခါးပတ်၊ ဦးထုပ်နဲ့ ဖိနပ်တွေကို ပန်းရောင်ဖက်ရှင်ဝတ်ဆင်နိုင်သလို၊ ရင်ထိုး (သို့) လက်ကိုင်ပုဝါလေးတွေကို ပန်းရောင်အသုံးပြုနိုင်ပါတယ်။

ချမ်းအေးတဲ့နေ့မျိုးမှာဆိုရင်

ပန်းရောင်တီရှပ်တစ်ထည်ကို အပေါ်ဝတ်ဂျင်းဂျတ်ကတ်လေးနဲ့သာ တွဲဝတ်ပေးလိုက်ပါ။ အရိုးရှင်းဆုံးဖြစ်နေပေမယ့် စတိုင်လ်အကျဆုံးဖြစ်နေမှာ အမှန်ပါပဲ။

လုပ်ငန်းခွင်မှာ ဖက်ရှင်ကျချင်တဲ့အခါ

Suit တွေ ဝတ်ဆင်တဲ့အခါ ပန်းရောင်တီရှပ်ကို ဝတ်ဆင်ပေးလိုက်ပါ။ ရှုးဖိနပ်ကိုတော့ အမဲရောင်ဝတ်ဆင်နိုင်သလို ပေါ့ပါးလွတ်လပ်တဲ့စတိုင်လ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပန်းရောင်အားကစားဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ပန်းရောင်နက်ခ်တိုင်လည်း ရွေးချယ်နိုင်ပါတယ်။

မင်္ဂလာဆောင်ပွဲတွေ တက်တဲ့အခါ ပန်းရောင်နက်ခ်တိုင်ကတော့ လိုက်ဖက်မှုအရှိဆုံးပါပဲ။ အရောင်နုနုလေးနဲ့ ပေါ်လွင်ထင်ရှားတဲ့ ဖက်ရှင်စတိုင်လ်ပဲဖြစ်ပါတယ်။

ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင်

ပန်းရောင် ရှပ်အင်္ကျီ၊ ပန်းရောင်ခေါင်းစွပ်အင်္ကျီ၊ လက်ရှည်အင်္ကျီအပါး စတဲ့အဝတ်အစားတွေကို ဂျင်းဘောင်းဘီနဲ့တွဲဖက်ဝတ်ဆင်မယ်ဆိုရင် မြင်ရတဲ့သူအဖိုး အမြင်ရှင်းပြီး သင့်ရဲ့ဖက်ရှင်ကလည်း အလန်းစားဖြစ်နေမှာပါ။

ရေကူးဘောင်းဘီအတို

အားလပ်ရက်လေးမှာ ရေကူးကန်သွားပြီး သွားရောက်အပန်းဖြေအနားယူချင်သူများအနေနဲ့ စတိုင်လ်ကျချင်တယ်ဆိုရင်တော့ ပန်းရောင်ရေကူးဘောင်းဘီအတိုကို ရွေးချယ်လိုက်ပါ။

ပန်းရောင်အားကစားဖိနပ်

အားကစားဖိနပ်တွေစတင်ထုတ်လုပ်ခဲ့တုန်းကတော့ အဖြူရောင်တွေပဲ ကြီးစိုးခဲ့တာပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ပန်းရောင်အားကစားဖိနပ်တွေကိုလည်း မိန်းကလေးဒီဇိုင်းတွေတင်မဟုတ်ဘဲ ယောကျာ်းလေးဒီဇိုင်းတွေလည်း ထုတ်လုပ်လာကြပါပြီ။

Source: Fashionbeans.com